
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ်ပိုင်းက လေကြောင်းတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား ၁၄ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ယိုးငူကျေးရွာကို ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ် ၂ နာရီလောက်မှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ် တစင်းနဲ့ လေကြောင်းကနေ ဗုံး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကလေးငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သား ၁၄ ယောက်ထက်မနည်း သေဆုံးပြီး အများအပြားလည်း ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ ပုဏ္ဏားကျွန်းဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“ယိုးငူရွာကို ဒီနေ့ နေ့လယ်ပိုင်းက ဂျက်ဖိုက်တာတစီးနဲ့ ရွာလယ်ဈေးကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာရှိတယ်။ ကနဦး အချက်အလက်တွေအရ ကလေးငယ်တွေ၊ အမျိုးသမီးတွေ အပါအဝင် အရပ်သား ၁၄ ဦး သေဆုံးတယ်လို့ သိထားရတယ်။ အချက်အလက်တွေကတော့ စိစစ်နေတုန်းပဲ ရှိနေတယ်။ သေဆုံးတဲ့အထဲ ရွာသားတွေ၊ စစ်ရှောင်တွေ အကုန်လုံးပါနိုင်တယ်။ ဒဏ်ရာရရှိခဲ့တဲ့သူတွေလည်း ၁၀ ဦးကျော်ရှိတယ်။”
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ယိုးငူကျေးရွာက နေအိမ် ၅ ဆောင်ထက် မနည်းလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ယိုးငူကျေးရွာမှာ ကျေးရွာသားတွေအပြင် ပုဏ္ဏားကျွန်းနဲ့ စစ်တွေမြို့နယ်က ထောင်နဲ့ချီတဲ့ စစ်ရှောင်တွေ ခိုလှုံနေကြတာလို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်က မြို့ရွာတွေကို စစ်ကောင်စီက နေ့တိုင်းလိုလို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာနေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုဟာလည်း ဆက်တိုက်ဆိုသလို မြင့်တက်လာနေပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရခိုင်ဒေသခံတွေအနေနဲ့ လေကြောင်းအန္တရာယ် အထူးသတိထားဖို့ကိုလည်း အာရက္ခတပ်တော်ဘက်က တိုက်တွန်းထားပါတယ်။


