
စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ ဟော်ဇောင်းရွာကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၆ ရက်မှာ လေကြောင်းကနေ ဗုံးတွေ အများအပြား ကြဲချခဲ့တာကြောင့် နေအိမ်အများအပြား ပျက်စီးခဲ့ပြီး အရပ်သား ထိခိုက်မှုလည်း ရှိတယ်လို့ ဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။
ဖောင်းပြင်နဲ့ ပင်လည်ဘူးကို ဆက်သွယ်ထားတဲ့ လမ်းပေါ်မှာ တည်ရှိတဲ့ ဟော်ဇောင်းရွာကို ဂျက်တိုက်လေယာဉ်တွေ၊ Y-12 လေယာဉ်၊ ဂျိုင်ရိုကော်ပတာ စက်တပ်လေထီးတွေနဲ့ ဗုံးတွေ အကြိမ်ကြိမ် ကြဲချခဲ့လို့ အရပ်သား ထိခိုက်သေဆုံးတာ ရှိသလို နေအိမ်အဆောက်အအုံ အများအပြားလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ဝေဟင်ကနေ ဗုံးကြဲတာအပြင် မြေပြင်ကနေလည်း စစ်ကြောင်းထိုးနေတာကြောင့် ထိခိုက်သေဆုံးမှု စာရင်းကို အတည်မပြုနိုင်သေးဘူးလို့ မော်လိုက်ခရိုင် လူသားစာနာအဖွဲ့ဝင်က DVB ကို ပြောပါတယ်။
“လေကြောင်းက တရစပ်ချပြီး မြေပြင်ကလည်း စစ်ကြောင်းထိုးနေတယ်လို့ သတင်းရထားပါတယ်။ ပြည်သူ့နေအိမ်နဲ့ ဒီဇယ်ကားများတချို့ မီးလောင်ပြီး ကယ်ဆယ်ရေးလုပ်နေဆဲ အထိအခိုက် အပျက်အစီးကို အတည်မပြုနိုင်သေးဘူး၊ စုံစမ်းနေဆဲပါ။ ကျမတို့က လူသားစာနာဆိုတော့ လုံခြုံရေးမကောင်းခင် ဝင်မရသေးပါဘူး။ ကာကွယ်ရေးဘက်ကနေ ကယ်ဆယ်ရေးတွေ လုပ်နေပါတယ်။”
မနေ့ကစပြီး ဖေဖော်ဝါရီ ၂၇ ရက် မနက်ပိုင်းအထိ လေကြောင်းနဲ့ အဆက်မပြတ် ဗုံးကြဲနေတာကြောင့် ဟော်ဇောင်းရွာနဲ့ အနီးတဝိုက်က ဒေသခံတွေကို ဘေးလွတ်ရာကို အရေးပေါ် တိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။
အခြေအနေ အသေးစိတ်ကို သိရဖို့ မြေပြင်က ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေထံ ဆက်သွယ်မေးမြန်းထားပေမဲ့ တုံ့ပြန်ဖြေဆိုလာတာ မရှိသေးပါဘူး။
ဖေဖော်ဝါရီ ၂၂ ရက်က ဟုမ္မလင်းမြို့၊ ပဲနုပ်ဆွပ်ရွာကို လေကြောင်းနဲ့ ဗုံးကြဲခဲ့လို့ အရပ်သား ၇ ယောက် သေဆုံးခဲ့ပြီး ဖေဖော်ဝါရီ ၂၃ ရက်ကလည်း မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ရွာကို လေကြောင်းနဲ့ ဗုံးကြဲလို့ ကလေး ၂ ယောက် အပါအဝင် ၉ ယောက် သေဆုံးခဲ့ပါတယ်။


