
ရန်ကုန်တိုင်း၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ ဆရာစံလမ်းပေါ်မှာ စစ်ကောင်စီတပ်ရဲ့ ကင်းလှည့်ယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်အခြေစိုက် တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက် ည ၁၁ နာရီခွဲဝန်းကျင်မှာ ဆရာစံလမ်းပေါ်က ၈၆ ဂိတ်ဟောင်းမှတ်တိုင်အနီးမှာ စစ်ကောင်စီတပ်သားနဲ့ ရဲ၊ ပျူစောထီးတွေပါတဲ့ ကားကို ပေါက်ကွဲအားပြင်းတဲ့ နည်းပညာမြင့် အဝေးထိန်းမိုင်းနဲ့ ချိန်ကိုက် ဖောက်ခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီကင်းလှည့်ယာဉ်တန်းဟာ လှိုင်သာယာ အနောက်ပိုင်း သောင်ကြီးနယ်မြေရဲစခန်းကနေ စက်မှုဇုန်ထဲကို ညစဉ်တိုင်း ကင်းပတ်ထွက်ကာ ပြည်သူတွေကို စစ်ဆေးဖမ်းဆီး ပေါ်တာဆွဲ ငွေညှစ်နေတဲ့ယာဉ်တန်း ဖြစ်ပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိပြီး အသေးစိတ်အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို Operation Flame၊ Underground Guerrilla၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဆင်ရေးတပ်ဖွဲ့ SRDF နဲ့ ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။


