Home
မြန်မာသတင်း
ပုလဲနယ်ကို စစ်တပ်စစ်ကြောင်း ၂ ခု ဝင်ရောက်၊ ဒေသခံထောင်ချီ ထွက်ပြေးနေရ
DVB
·
February 26, 2026

အာဏာသိမ်းစစ်တပ်က ပုလဲနယ်ထဲ စစ်ကြောင်း ၂ ခုခွဲပြီး ဝင်ရောက်လာလို့ ဒေသခံ ထောင်နဲ့ချီ ထွက်ပြေးနေရပါတယ်။ ဒါ့အပြင် ဗိုလ်နဂါး စစ်တပ်နဲ့ ပူးပေါင်းရာမှာ ကူညီခဲ့တဲ့ ကံကြီး ဆရာတော်ကိုလည်း ခေတ္တထိန်းသိမ်းထားတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

BNRA တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးလို့ သိကြတဲ့ ထင်လင်း ခေါ်  နိုင်လင်းနဲ့ မိသားစုဝင်အပြင် အဖွဲ့ဝင်တချို့ စစ်တပ်ထံလက်နက်ချ ပူးပေါင်းခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်နောက်ပိုင်း ပုလဲနယ်ထဲကို စစ်ကောင်စီစစ်ကြောင်း ၂ ခု ဝင်ရောက်လာတာပါ။

စစ်ကောင်စီက မုံရွာ နမခ ကနေ ပုလဲမြို့ထဲကို ရဟတ်ယာဉ်နဲ့ တပ်အင်အား ဖြည့်တင်းပြီးတဲ့နောက် ပုလဲနယ်အနောက်ခြမ်းက ကျေးရွာတွေဆီ စစ်ကြောင်းထိုး ဝင်ရောက်နေတာ ဖြစ်ပါတယ်။

ယင်းမာပင်ခရိုင်က ရပ်မိရပ်ဖ အမျိုးသားတယောက်က “စစ်ကြောင်းကတော့ နှစ်ကြောင်းခွဲပြီးတော့ သွားတာဗျ။  အထူးသဖြင့်တော့ ဒီ နဂါးအဖွဲ့ ကသတင်းပို့တဲ့ အဲဒီ PDF တွေ၊ ပကဖ တွေ၊ ပအဖ တွေ၊ ပလဖ တွေပေါ့ဗျာ... အဲဒီခေါင်းဆောင်တွေရဲ့ အိမ်တွေကို လိုက်ပြီးတော့ မီးရှို့တာဗျ။ စစ်ကြောင်းဝင်တဲ့ ရွာအရေအတွက်ကတော့ ကျနော်ထင်တယ်၊ အနည်းဆုံး ၁၀ ရွာ၊ ၁၅ ရွာလောက်တော့ ရှိသွားပြီ။ မီးရှို့တဲ့ရွာနဲ့ အိမ်အရေအတွက်ကတော့ မသိသေးဘူး။ မနေ့က ဝင်ရှို့တဲ့ ချင်းပြစ်ဆို ရွာကြီးပဲ။ ဦးပဥ္စင်းကိစ္စကတော့ စစ်ဆေးနေတုန်းလို့ သိရတယ်” လို့ ပြောပါတယ်။

ပုလဲသပိတ်ကော်မတီ အဖွဲ့ဝင်တယောက်နဲ့ စစ်ရှောင်ဒေသခံ တယောက်ကလည်း လက်ရှိ စစ်ကြောင်း ၂ ခုဟာ ချင်းပြစ်ကျင်းရွာနဲ့ နွယ်အင်းရွာတွေထဲမှာ ဖေဖော်ဝါရီ ၂၅ ရက် နေ့ခင်းပိုင်းအထိ ရှိနေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပိုင်ရှင်မဲ့နေတဲ့ နေအိမ်တွေထဲက ပစ္စည်းတွေကို သယ်ထုတ်နေကာ ကြက်၊ ဝက်တွေကိုလည်း ရွာထဲမှာပဲ ချက်ပြုတ်စားသောက်နေကြတယ်လို့ ဆိုပါတယ်။

ပုလဲနယ်ခံ စစ်ရှောင် အမျိုးသားတယောက်က “ပျူရွာကနေပြီးတော့ ဒီစစ်ကြောင်းကို မှီပြီးတော့ ပစ္စည်းယူတာတွေ ရှိတယ်ခင်ဗျ။ ဇီးဖြူကုန်းက ပျူရွာက နွယ်အင်းရွာကို သွားပြီးတော့ ပစ္စည်းသယ်တာတွေ အဲလိုတော့ရှိတယ်ဗျ။ စစ်ရှောင်ရတာတော့ နွယ်အင်း၊ ချင်းပြစ်ကျင်း၊ နှောရိုး၊ ချောင်းဦးပေါ့ဗျာ။ အဲဒီရွာတွေ ၆ ရွာလောက် ရှောင်ရတယ်ဗျ။ ကျနော်တို့လည်း ရှောင်ရပါတယ် ခင်ဗျ။ ဒီနေ့ပါဆိုရင် ၃ ရက်လောက်ရှိပြီခင်ဗျ။ သူနဲ့နီးစပ်ရာကို သွားတဲ့သူရှိသလို တောတွေထဲမှာလည်း လယ်ကွင်းတွေထဲမှာလည်း ရှောင်ရတဲ့သူ ရှိပါတယ်” လို့ ပြောပါတယ်။

ဒါပေမဲ့ စစ်ကြောင်းရှိနေသေးတဲ့အတွက် အခြေအနေ အသေးစိတ်ကို မသိရသေးဘဲ တိမ်းရှောင်ရတဲ့သူ ၆,၀၀၀ ဝန်းကျင် ရှိနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောပါတယ်။

တဖက်မှာလည်း စစ်ရှောင်ရတဲ့ ကျေးရွာပေါင်း ၂၀ ဝန်းကျင်ရှိတယ်လို့ သတင်းထွက်နေပေမဲ့ DVB အနေနဲ့ အသေးစိတ် အတည်မပြုနိုင်သေးပါဘူး။

ဒါ့အပြင် ဗိုလ်နဂါး စစ်ကောင်စီနဲ့ ပူးပေါင်းဖို့အသွား ကူညီပေးခဲ့တဲ့ ကံကြီးဆရာတော် အပါအဝင် ရာဇဝတ်မှုကျူးလွန်သူ တပ်ဖွဲ့ဝင်တွေကိုတော့ စစ်ဆေးနေတဲ့အကြောင်း သိရပါတယ်။

ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ တပ်ရင်းမှူး ဗိုလ်စွမ်းက “တကယ်တမ်းက ကျုပ်တို့က ခေါ်မထားချင်ဘူးဗျာ။ ဒါပေမဲ့ အခုလို နဂါးနဲ့၊ ကြောက်အားလန့်အားနဲ့ စကစဘက် ပေါင်းသွားမှာကို ကြောက်တယ်ဗျ။ ပေါင်းသွားရင် တယောက်တည်းပေါင်းသွားတာ ကိစ္စမရှိဘူးဗျ... ဟိုဖော် ဒီဖော် ဖော်မယ်၊ နောက်ကျ ဘယ်မှာ ဘာရှိတယ် လျှောက်ပြောလိုက်မယ်ဆိုရင် ကျနော်တို့ မလိုလားအပ်တဲ့ ပြည်သူတွေရဲ့ အိုးအိမ်တွေ၊ နောက် ကျနော်တို့ မလိုလားအပ်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေအတွက် အန္တရာယ်များ၊ ဒုက္ခများမှာ စိုးလို့ပါ။ အဲဒါကြောင့်မလို့ပါဗျ” လို့ ပြောပါတယ်။

ကံကြီးဆရာတော်ဟာ ဗိုလ်နဂါးကို PDF တွေဖမ်းဆီးဖို့ ကြိုးပမ်းချိန် အကာကွယ်ပေး ခေါ်ထုတ်ပေးခဲ့တဲ့အပြင် BNRA အဖွဲ့ပိုင် ပစ္စည်းနဲ့ စာရင်းတွေကိုလည်း လက်ခံထားတယ်လို့ ပုလဲ ပအဖ ဘက်က ပြောထားပါတယ်။

စစ်ကောင်စီတပ်ကတော့ ဗိုလ်နဂါး ဘက်ပြောင်းလာတဲ့ကြောင်းနဲ့  BNRA ထိပ်ပိုင်းခေါင်းဆောင် ၅ ယောက် လက်နက်ချခဲ့ကြောင်း နောက်ဆုံး ထုတ်ပြန်ထားပါတယ်။

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013