
ရန်ကုန်တိုင်းက မြို့နယ်တချို့မှာ အမျိုးသမီး စစ်မှုထမ်းစာရင်းကို စတင်ကောက်ယူနေပြီလို့ ရပ်ကွက်နေ ပြည်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သာကေတ၊ တောင်ဥက္ကလာ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ မြောက်ဥက္ကလာနဲ့ လှိုင်သာယာမြို့တို့မှာ အမျိုးသမီး စစ်မှုထမ်းစာရင်း စတင်ကောက်ယူနေတယ်လို့ သိရပါတယ်။
တောင်ဥက္ကလာမှာနေထိုင်သူတယောက်က “နာမည်တော့ လာကောက်သွားပြီ။ သူတို့ သတ်မှတ်ထားတဲ့ အသက်ထဲမှာ ပါတဲ့သူတွေကို ကောက်သွားတာ။ နိုင်ငံခြားသွားဖို့ လုပ်နေလား ဘာညာ မေးတယ်။ အကယ်၍ စစ်မှုထမ်းအပတ်စဉ်ထဲ မပါချင်ဘူးဆိုရင် အပတ်စဉ်တခုကို ၂ သိန်းပေးရမယ် ပြောတယ်” လို့ ပြောပါတယ်။
အလားတူ တောင်ကြီး၊ မုံရွာနဲ့ မော်လမြိုင်မြို့တို့မှာလည်း စစ်မှုထမ်းဖို့ ဆိုပြီး အခုနှစ် ဇန်နဝါရီလဆန်းပိုင်းက စတင်ကာ အမျိုးသမီးစာရင်းတွေကို လိုက်လံကောက်ယူနေတယ်လို့ သိရပါတယ်။
စစ်မှုထမ်း အမျိုးသမီးစာရင်း ကောက်ယူရာမှာ အသက် ၁၈ နှစ်ကနေ အသက် ၂၇ နှစ်အတွင်းရှိ အမျိုးသမီးတွေစာရင်းကို လိုက်လံကောက်ယူနေတာလို့ သိရပါတယ်။


