
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ချင်ပြစ်ကျင်းရွာကို စစ်တပ်က ဖေဖော်ဝါရီ ၂၄ ရက် မနက် ၁၁ နာရီမှာ မီးစရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါစစ်ကြောင်းဟာ ပုလဲမြို့ကနေ BNRA အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါး စစ်ကောင်စီတပ်ထံ လက်နက်ချ အညံ့ခံပြီး ပုလဲမြို့နယ်အတွင်း နယ်မြေရှင်လင်းရေး လုပ်ဆောင်နေတဲ့ စစ်တပ် ဖြစ်တယ်လို့ သိရပါတယ်။
ချင်ပြစ်ကျင်း ရွာသားတယောက်က “စရှို့တာက BNRA အဖွဲ့ရဲ့ သင်တန်းဆရာလုပ်တဲ့ အိမ်ကို စရှို့တာဗျ။ အခုထိ မီးလောင်နေတုန်းဗျ။ စစ်ကြောင်းကလည်း ရွာထဲကနေ မထွက်သေးလို့ ရွာတွင်းအခြေအနေ အသေးစိတ် မသိရသေးဘူး” လို့ ပြောပါတယ်။
ချင်ပြစ်ကျင်းရွာဟာ အိမ်ခြေ ၁၅၀ ခန့်ရှိတဲ့ ကျေးရွာတရွာဖြစ်ပြီး BNRA အဖွဲ့ စိုးမိုးနယ်မြေ ဖြစ်တယ်လို့လည်း သိရပါတယ်။
ပုလဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တယောက်က “စစ်ကြောင်းက ချင်ပြစ်ကျင်းရွာမှာ တကြောင်း၊ နွယ်အင်းမှာ တကြောင်း၊ စုစုပေါင်း ၂ ကြောင်းဗျ။ အခုထိ အဲရွာတွေထဲကနေ မထွက်သေးဘူး” လို့ ပြောပါတယ်။
အခုလို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ရွာကို မီးရှို့နေတာကြောင့် ချင်ပြစ်ကျင်းရွာက အိမ်ခြေ ၁၅၀၊ နွယ်အင်းရွာက အိမ်ခြေ ၂၀၀ က ဒေသခံတွေ နေရပ်စွန့်ခွာနေကြရတယ်လို့လည်း သိရပါတယ်။


