
မန္တလေးတိုင်းထဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တပ်တွေ ထိန်းချုပ်ရာ နောက်ဆုံး လက်ကျန်ဖြစ်တဲ့ တကောင်းမြို့ကို စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်နေပြီး ဖေဖော်ဝါရီ ၂၃ ရက် မနက်ပိုင်းအထိဆိုရင် ပေါက်တပင်ရွာအထိ ရောက်နေပြီလို့ ဒေသခံနဲ့ စစ်ရေးရင်းမြစ်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ သပိတ်ကျင်းနယ်ထဲက တပ်မတော် တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း (တတက ၁၃) ထဲမှာ စုဖွဲ့ပြီး ဖေဖော်ဝါရီ ၆ ရက်လောက်က စတင် ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီကနေ့ထိဆိုရင် ၂ ပတ်ကျော် ကြာမြင့်လာပြီး အခု စစ်တပ်ရောက်နေတဲ့ ပေါက်တပင်ရွာဟာ တကောင်းမြို့နဲ့ဆို မိုင် ၂၀ ကျော် ကွာဝေးတယ်လို့ သပိတ်ကျင်းနယ်ခံ ရပ်မိရပ်ဖ အမျိုးသားတယောက်က ပြောပြပါတယ်။
“မြောက်ဘက်ကို ဦးတည်ပြီးတော့ ပေါက်တပင်ဘက်တော့ ရောက်သွားပြီ။ ၁၃ ကနေ စစ်ကြောင်းထိုးတာ၊ အဲဘက်တွေကတော့ နည်းနည်းရှောင်ကြရတယ်ပေါ့။ ပေါက်တပင်တို့၊ ရှားတောတို့၊ ဒေါင်းပုန်းတို့၊ ရွှေကျွန်းပင်တို့ လောလောဆယ်တော့ အဲဟာတွေ တိမ်းကြရတယ်လေ။ ကြားရသလောက်တော့ အဲဒီလောက်ပဲ ကြားသေးတယ်။ မြောက်ဘက်ပိုင်းတွေတော့ မပြောတတ်သေးဘူး အဲဒါတော့။ အခုဟာကတော့ ဟိုလိုပြောမယ်ဆိုရင် ဒါ ကြားညှပ်နယ်ပဲ ရှိသေးတယ်၊ တကောင်းနယ်ထဲကို မရောက်သေးဘူး။ တကောင်းရောက်ဖို့ မိုင် ၂၀ လောက်တော့ ကျန်ဦးမှာ။”
သပိတ်ကျင်းနယ်ထဲ လှုပ်ရှားနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ တပ်ဖွဲ့ဝင်ကလည်း ပေါက်တပင်ရွာနဲ့ ကပ်ရက်မှာရှိတဲ့ ရွှေကျွန်းပင်ရွာကို စစ်တပ်က ပြန်ရသွားတာမှန်ပေမဲ့ အသေးစိတ် မသိရသေးဘူးလို့ ပြောပါတယ်။
မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းက စလို့ အခု တကောင်းနယ်အထိ ထိုးစစ်တွေမှာ စစ်ကောင်စီတပ်ဘက်က ဒရုန်းတွေနဲ့ တိုက်ခိုက်ပြီးမှ မြေပြင်စစ်ကြောင်းထိုးတဲ့ပုံစံ ကျင့်သုံးနေတဲ့ အကြောင်း စစ်ရေးလေ့လာသူ CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပါတယ်။
“အဲဒီတော့ သူတို့ရဲ့ရည်မှန်းချက်ကို ကျနော်တို့ သိရတာကတော့ ဒီ ဖေဖော်ဝါရီလကုန်အပြီး တကောင်းနယ်မြေကို ထိန်းချုပ်ပြီး ဖြစ်ရမည်ဆိုတဲ့ သူတို့ လပခ (အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်) ရဲ့ စစ်အစီအမံတခု ကျနော်တို့ ရထားတာရှိတယ်။ အဲဒီတော့ ဒီအတိုင်းဆိုရင်တော့ ဒီအလျင်နှုန်းနဲ့ ရွေ့တယ်ဆိုရင်တောင်မှပဲ ကျနော်တို့ မကြာခင် သူတို့ တကောင်းမြို့ထဲကို ဝင်သွားနိုင်တဲ့ အနေအထားမျိုး ကျနော်တို့က မှန်းဆရတယ်။”
တကယ်လို့ တော်လှန်ရေးတပ်တွေ တကောင်းကနေသာ ဆုတ်ခဲ့ရရင် စစ်ကိုင်းနဲ့ ကချင်အစပ်က ထီးချိုင့်ဘက်ကို ပြောင်းနိုင်ခြေရှိပြီး စစ်တပ်ကလည်း တကောင်းကိုသာ ရခဲ့ရင် ထီးချိုင့်နဲ့ အင်းတော်ဘက်ကို ဆက်လက်ထိုးစစ်ဆင်လာခြေ ရှိနေတဲ့အကြောင်း ကိုဇင်ယော်က ခန့်မှန်းပြောပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်လို့ DVB က မန္တလေး PDF ပြောခွင့်ရသူဆီ စာပေးပို့ မေးမြန်းပေမဲ့ တကောင်းနယ်နဲ့ပတ်သက်လို့ ဖြေဖို့မရှိသေးကြောင်း တုံ့ပြန်ပါတယ်။
တကောင်းနဲ့ ထီးချိုင့်နယ်တွေဟာ ဧရာဝတီမြစ်ကမ်းနံဘေးကမြို့တွေ ဖြစ်တာကြောင့် စစ်ရေးအရသာမက ရေကြောင်းဆက်သွယ်ရေးအတွက် အရေးပါတဲ့နေရာမှာ တည်ရှိနေပါတယ်။
စိုးသူအောင်


