
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သင်းပုန်းတန်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပြည်သူ့စစ်တို့ ပူးပေါင်းပြီး လာရောက်မီးရှို့သွားတယ်လို့ ဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
“နေ့လယ်ခင်း ၂ နာရီကျော် ၃ နာရီဝန်းကျင် မီးစလောင်တယ်၊ အဓိက စစ်တပ်ဆေးရုံဘက်က စတိုက်သွားတယ်။ မီးတော့ရှို့သွားတယ်၊ နေအိမ်လက်ကျန်လောက်ပဲ ရှိမယ်။ အိမ်ကောင်းတွေကို အကုန် သူတို့ ဖြိုဖျက်ရောင်းစားထားပြီ။ ကျန်ရှိနေတဲ့ အပြိုအပျက်တချို့ကို မီးရှို့သွားပုံရတယ်။”
စစ်တွေ ရေချမ်းပြင်လမ်းရှိ စစ်တပ်ဆေးရုံ ခုတင် ၁၀၀ ဆံ့အနီးမှာ တည်ရှိတဲ့ ရခိုင်ကျေးရွာ တရွာဖြစ်တဲ့ သင်းပုန်းတန်းကျေးရွာကို စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေက အရင်လတွေကလည်း နေအိမ်ရှိ ပစ္စည်းတွေကို ခိုးယူရောင်းချနေပြီး လက်ကျန်အိမ်တွေကို အခုလို လက်စဖျောက် မီးရှို့လိုက်တာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
“အဲဒီ ရေချမ်းပြင်လမ်းတလျှောက်နဲ့ ပတ်ဝန်းကျင်ရွာတွေကို စစ်တပ်နဲ့ အပေါင်းပါ ဖျက်လို့ အကုန်လုံး အိမ်တွေ ပျက်စီးသွားပြီ။ အခု မီးရှို့တာက ရောင်းစားလို့မရတဲ့ဟာတွေကို မီးရှို့တာထင်တယ်။”
စစ်တွေမြို့နယ်ရှိ သင်းပုန်းတန်းကျေးရွာ အပါအဝင် စစ်တပ်ဆေးရုံနဲ့ နီးစပ်တဲ့ ကျေးရွာတွေဖြစ်တဲ့ မောင်နီပြင်၊ အောင်တိုင်၊ ပလ္လင်ပြင်၊ ပျားလည်ချောင်းနဲ့ ရေချမ်းပြင်လမ်းတလျှောက်က ကျေးရွာတွေကိုလည်း စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်က ဘုန်းတော်ကြီးကျောင်းပါမကျန် ရောင်းချ ဖျက်ဆီးထားတယ်လို့ ဒေသခံတွေ ပြောကြားချက်အရ သိရပါတယ်။
၂၀၂၄ ခုနှစ် ဇွန်လကစပြီး စစ်ကောင်စီအမိန့်နဲ့ စစ်တွေမြို့နယ်က ကျေးရွာတချို့ကို အဓမ္မ ပြောင်းရွှေ့ထားပြီး ကျန်ရှိနေတဲ့ ကျေးရွာသားပိုင် ကျွဲ၊ နွား၊ အိမ်သုံးဆောင်ပစ္စည်းတွေပါ စစ်တပ်က သိမ်းဆည်းထားတယ်လို့ စစ်ရှောင်နေသူတွေဆီက သိရပါတယ်။


