
ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ စစ်ကောင်စီတပ်တွေ တန်ပြန်ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။
တနှစ်ကျော် ကြာမြင့်လာတဲ့ ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်က ထိုးစစ်ရပ်တန့်ထားပေမဲ့ စစ်ကောင်စီဘက်က ဒီရက်ပိုင်း တန်ပြန်ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
“ဒီရက်ပိုင်းတွေတော့ KIA ဘက်က ထိုးစစ်ရပ်ထားတဲ့ အခြေအနေ။ ဒါပေမဲ့ စစ်ကောင်စီဘက်ကတော့ လွန်ခဲ့တဲ့ သောကြာ၊ စနေနေ့တွေလောက်က ပြန်ပြီး ထိုးလာတယ်။ အဲကတည်းကနေ ထိုးလာကတည်းကနေ တိုက်ပွဲတွေ ပြန်ဖြစ်တယ်။ ဒါပေမဲ့ စကစဘက်က ပြန်ထိုးလာတော့ သူတို့ဘက်က အကျအဆုံးများစွာနဲ့ ပြန်ဆုတ်သွားတယ်။ ဗန်းမော်မှာက KIA ဘက်က ထိုးစစ်ရပ်ထားပေမဲ့ စကစဘက်က ထိုးလာတော့ တိုက်ပွဲပြန်ဖြစ်တဲ့ အခြေအနေပါ။”
၂၀၂၅ ဒီဇင်ဘာ ၂၅ ရက်က စတင်ပြီး KIA က တကျော့ပြန် ဖော်ဆောင်လိုက်တဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တဖန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။
KIA က စစ်ကောင်စီတပ်တွေ အခိုင်အမာ တပ်စွဲထားတဲ့ စကခ ၂၊ ခလရ ၄၇ တပ်ရင်း၊ ထောက်ပို့တပ် ၉၃၃ စတဲ့ အရေးပါတဲ့ တပ်ရင်းနေရာတွေမှာ စစ်ရှိန်မြှင့်တင်ပြီး တပြိုင်နက် တိုက်ပွဲဖော်ဆောင်လိုက်တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။
KIA ရဲ့ တကျော့ပြန်ထိုးစစ်အတွင်း စစ်ကောင်စီရဲ့ သံချပ်ကာယာဉ် ၇ စီးအထိ ဖျက်ဆီးနိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၂၀ ရက်က ဖြစ်ပွားတဲ့ ဗန်းမော်တိုက်ပွဲမှာ ခမရ ၆၀၁ က မံစီမြို့သိမ်းတိုက်ပွဲက ထွက်ပြေးလာတဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရှေ့တန်းသတင်းရင်းမြစ်ကနေ သိရပါတယ်။
တိုက်ပွဲကာလ တနှစ်ကျော်ခန့်ကြာမြင့်လာတဲ့ ဗန်းမော်မှာလည်း နေ့တိုင်းလိုလို နှစ်ဖက်တပ် အပြန်အလှန်သိမ်းလိုက်၊ ပြန်လက်လွှတ်လိုက်နဲ့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်ကတော့ စခန်းတွေ လက်မလွှတ်ရရေးအတွက် နေ့တိုင်း လေကြောင်းပစ်ကူနဲ့ ခုခံနေတယ်လို့ ဆိုပါတယ်။
“ဗန်းမော်မှာ လေကြောင်းတိုက်ခိုက်မှုကတော့ နေ့တိုင်းရှိတယ်လို့ ပြောရမယ်။ စစ်ကောင်စီဘက်က Y8 တွေနဲ့ ကင်းထောက်တယ်။ ကင်းထောက်ပြီးနောက် ဂျက်လေယာဉ်နဲ့ လာပြီး ပစ်ခတ်တာ ကြဲတာ ရှိတယ်။ လေကြောင်းက လွန်ခဲ့တဲ့ညဆို ၁၂ ကျော်မှာ လာပြီး ပစ်သွားတာရှိတယ်။ လေကြောင်းကတော့ နေ့တိုင်းလာပစ်တယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာ နေရာစုံပေါ့။ ဗန်းမော်ပတ်ဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှုတွေက ပုံမှန်ရှိနေတဲ့ အခြေအနေဖြစ်တယ်။”
၂၀၂၄ ခုနှစ် ဒီဇင်ဘာလထဲမှာ စတင်ဖြစ်ပွားလာတဲ့ ဗန်းမော်တိုက်ပွဲဟာ အခု ၂၀၂၆ ထဲ ဝင်လာတဲ့အထိ KIA ဘက်က လက်မလျှော့ဘဲ ဆက်လက်တိုက်ခိုက်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ဝက်ပိုင်းအထိ စစ်ရေးအရ စစ်တပ်ရဲ့ အရေးပါတဲ့ စစ်တပ်နေရာတချို့ကို သိမ်းပိုက်ထားနိုင်ခဲ့သလို မြို့တွင်း နေရာအများအပြားကို ထိန်းချုပ်နိုင်ခဲ့တာပါ။
ဒါပေမဲ့ ဗန်းမော် လက်မလွှတ်ရရေးအတွက် ၂၀၂၅ ခုနှစ် ဇူလိုင်လနောက်ပိုင်း စစ်တပ်က လေကြောင်း၊ ကုန်းကြောင်း စစ်အင်အားဖြည့်တင်းကာ ထိုးစစ် ပြန်လည်ဖော်ဆောင်လိုက်တာကြောင့် ထိန်းချုပ်နေရာတချို့ကို ပြန်လည် လက်လွှတ်လိုက်ရပါတယ်။
စစ်တပ် အာဏာသိမ်းပြီးနောက် KIA က ကချင်ပြည်နယ်ထဲ ဖော်ဆောင်တိုက်ပွဲတွေထဲမှာ ဗန်းမော်မြို့သိမ်းတိုက်ပွဲက စစ်ရေးကာလ အကြာမြင့်ဆုံး ဖြစ်လာပါတယ်။
ဟန်န


