
ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံသံရုံးကို ဖေဖော်ဝါရီ ၂၈ ရက်ကနေ စတင် ပိတ်သိမ်းတော့မယ်လို့ ဖင်လန်သံရုံးက ဖေဖော်ဝါရီ ၂၄ ရက် ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။
သံရုံးပိတ်လို့ ကောင်စစ်ဝန်ဆောင်မှုတွေ၊ ပတ်စ်ပို့၊ နေထိုင်ခွင့် လျှောက်လွှာဆိုင်ရာ နိုတြီထောက်ခံလက်မှတ်တွေ အပါအဝင် ကောင်စစ်ဆိုင်ရာ လုပ်ငန်းအားလုံးကို ထိုင်နိုင်ငံ ဘန်ကောက်မြို့ရှိ ဖင်လန်သံရုံးက ဆောင်ရွက်ပေးသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နေထိုင်ခွင့်လက်မှတ် (residence permits) လျှောက်ထားဖို့အတွကေ အီးမေးလ် Ban.Konsuli@gov.fi or viisumi.ban@gov.fi တွေကို ဆက်သွယ်ကြဖို့နဲ့ ဗီဇာနဲ့ သက်ဆိုင်တဲ့ ဝန်ဆောင်မှုတွေအတွက်တော့ ဂျာမနီနိုင်ငံက ကိုယ်စားပြုလုပ်ဆောင်ပေးမယ်လို့ ဆိုပါတယ်။
ဖင်လန်နိုင်ငံကိုသွားဖို့ ရှန်ဂန်ဗီဇာ လျှောက်မယ်ဆိုရင်လည်း ရန်ကုန်မှာရှိတဲ့ ဂျာမနီသံရုံးမှာ လျှောက်ထားနိုင်ပါတယ်။
တခြားကိစ္စရပ်တွေကိုတော့ ဖင်လန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တောင်အာရှနဲ့ တောင်အရှေ့အာရှဆိုင်ရာဌာနကို ဆက်သွယ်နိုင်တယ်လို့လည်း သိရပါတယ်။
ရန်ကုန်မှာရှိတဲ့ ဖင်လင်နိုင်ငံ သံရုံးကို ပိတ်တော့မယ်လို့ ဖင်လန် နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၈ ရက်ကတည်းက အသိပေး ထုတ်ပြန်ထားပါတယ်။
၂၀၂၆ ခုနှစ်မှာ ရန်ကုန်၊ ပါကစ္စတန်နိုင်ငံ အစ္စလာမာဘတ်၊ အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မြို့တို့မှာ ဖွင့်လှစ်ထားတဲ့ ဖင်လန်နိုင်ငံသံရုံးတွေကို ပိတ်သိမ်းဖို့ဖြစ်ပြီး ဖင်လန်အတွက် မဟာဗျူဟာအရ အရေးပါတဲ့ နိုင်ငံတွေမှာ အရင်းအမြစ်တွေကို စုစည်းဖို့ဖြစ်သလို သမ္မတရဲ့အမိန့်နဲ့ သံရုံးတွေ ပိတ်သိမ်းတာလို့ ထုတ်ပြန်ပါတယ်။
သံရုံးတွေ ပိတ်သိမ်းရတာဟာ လုပ်ငန်းဆောင်ရွက်မှုနဲ့ မဟာဗျူဟာမြောက် အကြောင်းရင်းတွေကြောင့် ဖြစ်ပြီး၊ နိုင်ငံတွေရဲ့ နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုတွေ၊ ဖင်လန်နိုင်ငံနဲ့ ကူးသန်းရောင်းဝယ်ရေး၊ စီးပွားရေးဆက်ဆံမှု အကန့်အသတ်တွေနဲ့ ဆက်စပ်နေတယ်လို့လည်း ဆိုပါတယ်။


