Home
မြန်မာသတင်း
ရန်ကုန် လေထုညစ်ညမ်းမှု ကျန်းမာရေးထိခိုက်နိုင်သဖြင့် ဂရုတစိုက်သွားလာရန်တိုက်တွန်း 
DVB
·
February 24, 2026

ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးတိုင်းတာချက်တွေအရ ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်နိုင်တဲ့ အခြေအနေမှာ ရှိနေဆဲဖြစ်တဲ့အတွက် ဂရုတစိုက် သွားလာသင့်တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက် ဒီနေ့မနက်ပိုင်း တိုင်းတာချက်တွေအရ ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးက ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်နိုင်တဲ့ အဆင့်သတ်မှတ်ချက် ၂၂၇ (ခရမ်းရောင်) မှာရှိနေကြောင်း ကမ္ဘာ့လေထုအရည်အသွေး ကိန်းဂဏန်းတွေကို အချိန်နဲ့တပြေးညီ ဖော်ပြပေးနေတဲ့ IQAir အရ သိရပါတယ်။

လေထုညစ်ညမ်းမှုမြင့်မားပြီး သေးငယ်တဲ့အမှုန် PM 2.5 ပါဝင်တဲ့ ဖုန်မှုန့်တွေ များနေတဲ့အတွက် မျက်လုံးနဲ့မမြင်ရပေမဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တာဖြစ်လို့ ဂရုစိုက် သွားလာနေထိုင်ကြဖို့ လိုအပ်ပါတယ်။

မြို့ခံတယောက်က  “ရန်ကုန်မှာ လေထုညစ်ညမ်းမှုဖြစ်နေတာကို တော်တော်များများက မသိကြဘူး၊ မုန်တိုင်းက ကြေညာထားတော့ မိုးအုံ့တယ်ပဲ ထင်နေကြတာ ကိုယ်အပါအဝင်ပေါ့၊ အခု   ဆိုရှယ်မီဒီယာတွေမှာ လေထုညစ်ညမ်းနေတယ်ဆိုပြီးတော့ နားလည်သူတွေ ရေးထားမှသာ အကုန်လုံးက သတိထားမိကြတာ။ ကိုယ့်ပတ်ဝန်းကျင်မှာ တချို့ဆို နှာစေးတယ်၊ ချောင်းဆိုးတယ်၊ လည်ချောင်းနာတာတွေ၊ ဖျားချင်သလိုဖြစ်နေတာ တွေ့ရတယ်။ AQI 150 ကျော်ရင်တောင် ကျန်းမာရေးအတွက်မကောင်းဘူး အဆင့်ကို ရောက်နေပြီလို့ သတ်မှတ်လို့ရတာကို ဒီနေ့ဆို ၂၂၇ ဆိုတော့ ခရမ်းရောင်အဆင့်တောင် ရောက်နေပြီ။ အနီရောင်အဆင့်ကို ကျော်သွားပြီ၊ ဒါတောင် အခုချိန်ထိ ပြည်သူတွေကို လေထုညစ်ညမ်းတဲ့ အခြေအနေကို ဘာမှမထုတ်ပြန်တဲ့အပြင် ဘယ်လို ဖြေရှင်းပေးမယ် ဆိုတာလည်း မတွေ့ရဘူး” လို့ DVB ကို ပြောပါတယ်။

အချိန်နဲ့အမျှပြောင်းလဲနေတဲ့ လေထုအရည်အသွေးကိန်းဂဏန်းတွေအရ ရန်ကုန်မြို့ရဲ့ လေထုအရည်အသွေးဟာ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့အဆင့် သတ်မှတ်ချက်တွေမှာ ရှိနေဆဲလည်း ဖြစ်ပါတယ်။

PM2.5 ပါဝင်နေတဲ့ လေထုက ထိခိုက်လွယ်တဲ့ အုပ်စုတွေဖြစ်တဲ့ ကလေးနဲ့ သက်ကြီးရွယ်အိုတွေကို ပိုမိုထိခိုက်စေနိုင်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေနဲ့ ရေရှည်ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်တယ်လို့ ယူနီဆက်မြန်မာက သတိပေး ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မြို့ခံတယောက်က  “၂၂ ရက်နေ့ကနေစပြီးတော့ သိသိသာသာ လေထုညစ်ညမ်းတဲ့ပုံစ ဖြစ်လာတာပေါ့။ ၃ ရက်ရှိပြီပေါ့၊ ၂၂ နဲ့ ၂၃ မှာ တော်တော်လေး ဆိုးဆိုးဝါးဝါးဖြစ်ပြီးတော့ ဒီနေ့ ၂၄ ရက်မှာတော့ နေရောင်လေး ပြန်ထွက်လာတဲ့သဘောပေါ့၊ ဒါပေမဲ့ လေထုညစ်ညမ်းမှုက တချို့နေရာတွေမှာ အခုချိန်ထိ မီးခိုလိုပုံစံမျိုးကြီးတွေ ဖြစ်နေတာတွေ့ရတယ်၊ လေထုညစ်ညမ်းမှုက ပြည်သူတွေကြားမှာ တော်တော်လေးကို အသိနည်းတယ်၊ အုပ်ချုပ်နေတဲ့သူတွေကလည်း ဒီလေထုညစ်ညမ်းတာကို ပြည်သူတွေကို သိသိသာသာ သိလာအောင် ဖော်ပြပေးနေတာ လုံးဝမရှိဘူး။”

ထိခိုက်လွယ်တဲ့ အုပ်စုတွေထဲပါတဲ့ ကလေးသူငယ်တွေကို အဓိက ဂရုစိုက်ဖို့ လိုအပ်ပြီး ရောဂါအခံရှိတဲ့ ကလေးသူငယ်တွေကိုတော့ ညစ်ညမ်းတဲ့ လေထုကို လုံးဝမရှူမိအောင် ဂရုစိုက်သင့်ကြောင်း ဆရာဝန်တွေက သတိပေးထားပါတယ်။

ညစ်ညမ်းတဲ့လေကို ရှူရှိုက်မိတာကြောင့် နောက်ဆက်တွဲအနေနဲ့ အဆုတ်ရောင်တာ၊ လေပြွန်ရောင်တာ၊ နာတာရှည်ချောင်းဆိုးတာ၊ နားပိုးဝင်တာ၊ ဓာတ်မတည့်တာ၊ ပန်းနာရင်ကျပ်ရောဂါ၊ နှင်းခူရောဂါ၊ နှလုံးရောဂါနဲ့ ကင်ဆာရောဂါတွေ ဖြစ်နိုင်ကြောင်း သိရပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013