Home
မြန်မာသတင်း
ရန်ကုန်မြို့ လေထုညစ်ညမ်းမှု ကမ္ဘာ့အဆင့် နံပါတ် ၅ ရောက်ရှိ
DVB
·
February 24, 2026

ရန်ကုန်မြို့မှာ လေထုညစ်ညမ်းတာဟာ ဒီရက်ပိုင်းမှာ လူတိုင်းရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ အနီရောင်အဆင့်အထိ ရောက်ရှိနေပြီး ဖေဖော်ဝါရီ ၂၃ ရက် ညမှာတော့ ကမ္ဘာ့လေထုအညစ်ညမ်းဆုံး နံပါတ် ၅ နေရာကို ရောက်နေပါတယ်။

ဒါဟာ ကမ္ဘာမှာ လူဦးရေထူထပ်ပြီး လေထုညစ်ညမ်းလေ့ရှိတဲ့ အိန္ဒိယနိုင်ငံက မွမ်ဘိုင်း၊ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ၊ ထိုင်းနိုင်ငံက ဘန်ကောက်မြို့၊ တရုတ်နိုင်ငံ ပေကျင်းမြို့တို့ထက် ပိုပြီး ဆိုးရွားနေတာပါ။

လေထုအရည်အသွေးတိုင်းတာ ထုတ်ပြန်ပေးနေတဲ့ ဆွစ်ဇာလန်အခြေစိုက် ဝက်ဘ်ဆိုက်တခုဖြစ်တဲ့ IQAir ရဲ့ ဖေဖော်ဝါရီ ၂၃ ရက် ထုတ်ပြန်ချက်အရ ရန်ကုန်ရဲ့ လေထုအရည်အသွေးဟာ လူတိုင်းအတွက် ထိခိုက်နိုင်တဲ့အဆင့် ဖြစ်တယ်လို့ ဆိုပါတယ်။

IQAir ဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ လေထုအရည်အသွေးကို အချိန်နဲ့တပြေးညီ တိုင်းတာဖော်ပြနေတာဖြစ်ပြီး ရန်ကုန်အတွက်ကတော့ ရန်ကုန်မှာရှိတဲ့ ထိုင်းသံရုံး အပါအဝင် နေရာ ၇ ခုမှာရှိတဲ့ လေထုအရည်အသွေး တိုင်းတာစက်တွေရဲ့ အချက်အလက်တွေကို ရယူထားတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်အတွက် လေထုညစ်ညမ်းမှု ပျမ်းမျှအညွှန်းကိန်းက US AQI အရ ၁၉၂ ဖြစ်ပြီး ညနေပိုင်းမှာ ပိုပြီးမြင့်လာခဲ့တာပါ။

အဆင့် ၁၀၁ ကနေ ၁၅၀ အထိကိုတော့ ခံနိုင်ရည်နည်းသူတွေအတွက် ထိခိုက်စေတဲ့အဆင့်လို့ သတ်မှတ်ပြီး ယေဘုယျကတော့ ကျန်းမာရေးမထိခိုက်ဘူးလို့ ဆိုနိုင်ပါတယ်။

လေထုအရည်အသွေးသတ်မှတ်ချက် အနီရောင်အဆင့်ကတော့ ၁၅၁ ကနေ ၂၀၀ အထိဖြစ်ပြီး လူတိုင်း ကျန်းမာရေးကို ထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။

လေထုအရည်အသွေးကို တိုင်းတာစစ်ဆေးရာမှာ အချက်အလက်တွေ အများကြီးရှိပေမဲ့ အခုထုတ်ပြန်ချက်တွေကိုတော့ PM 2.5 (လေမှာပါတဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အမှုန်ပါဝင်နှုန်း) ကို အဓိထား တိုင်းတာဖြစ်ပြီး အဲဒီအမှုန်တွေက ဆံချည်မျှင်ထက် ၂၅ ပုံ တပုံပဲ ရှိတာဖြစ်ပါတယ်။

အခု ရန်ကုန်လေထုထဲမှာ PM 2.5 ပါဝင်နှုန်းဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ ပါဝင်သင့်တဲ့နှုန်းထက် ၂၄ ဆလောက် ပိုများနေပြီး ရန်ကုန်ရဲ့ကောင်းကင်ဟာ မိုးအုံ့သလို မှိုင်းနေတာကို တွေ့ရပါတယ်။

ဒီလိုအခြေအနေမှာ အပြင်ထွက် လေ့ကျင့်ခန်းမလုပ်ဖို့၊ ပြင်ပက ညစ်ညမ်းလေတွေ မဝင်အောင် တံခါးတွေပိတ်ထားဖို့၊ အပြင်ထွက်ရင် Mask တပ်ဖို့ စတာတွေကို IQAir က အကြံပြုထားပါတယ်။

ပြီးခဲ့တဲ့နှစ်တွေရဲ့ ဆောင်းရာသီမှာလည်း ရန်ကုန်မှာ လေထုညစ်ညမ်းနှုန်း တက်လာခဲ့ဖူးပြီး ဆောင်းရာသီ မနက်ခင်း လေထုအေးလာတဲ့အခါ လေထုဖိအား ပြန်လှန်ဖြစ်စဉ်ကြောင့် အေးတဲ့လေက မြေပြင်နားမှာကပ်နေပြီး အပေါ်မတက်နိုင်ဘဲ မီးခိုး၊ အမှုန်အမွှားတွေက လေထုထဲ ပိတ်မိနေတာကလည်း အကြောင်းရင်းတခု ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013