
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ဘေးရှောင်စခန်းတခုကို အသေခံဒရုန်းနဲ့ တိုက်ခိုက်လို့ စစ်ရှောင် သက်ကြီးပိုင်း အမျိုးသားတယောက် အပါအဝင် ၂ ယောက် ပြင်းထန်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံက ပြောပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက် မနက် ၁၁ နာရီမှာ ကျောက်ဖြူမြို့နယ်၊ င/အုပ်ကျေးရွာ ပတ်ဝန်းကျင်ရှိ ယာယီစစ်ရှောင်စခန်းတခုကို အသေခံဒရုန်းတစီးနဲ့ လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အခုလို ဒေသခံ စစ်ရှောင် ၂ ယောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မြေပြင်တာဝန်ရှိသူတယောက်က ပြောပါတယ်။
“စစ်ရှောင်တွေနေတဲ့နေရာကို တန်းဝင်လာတာပါ။ အဘိုးက အသက်လည်းကြီးတော့ ပြေးမလွတ်ဘူး၊ သူ့ကိုကူညီနေတဲ့ နောက်ထပ်တယောက်ပါ ထိခိုက်သွားတယ်။”
စစ်တပ်ရဲ့ ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် စစ်ရှောင်လာတဲ့ ကျောက်ဖြူမြို့နယ်၊ သပြုတောင်ရွာက ဦးမောင်နုစိန် (၇၈ နှစ်) နဲ့ ဇိုင်ချောင်းရွာက ဦးမောင်ခင်ထွန်း (၄၈ နှစ်) တို့ ထိခိုက်ဒဏ်ရာ ရသွားတာ ဖြစ်ပါတယ်။
ဒေသခံတယောက်က “အဘိုးကတော့ ဒဏ်ရာတအားပြင်းတယ်။ ညာဘက်လက် ချိုင်းကြားထဲ ဗုံးစဖောက်ဝင်သွားတယ်။ နောက်တယောက်ကတော့ တင်သား၊ လက်နှစ်ဖက်နဲ့ ခါး ဗုံးစတွေ ဝင်သွားတယ်” လို့ ပြောပါတယ်။
အဆိုပါ ဒဏ်ရာရသွားတဲ့ လူနာတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အရေးပေါ် ဆေးကုသမှုပေးထားပြီး နောက်ထပ် စစ်ရှောင်စခန်းရှိ စစ်ဘေးရှောင် ဒေသခံတွေလည်း ဘေးလွတ်ရာ ထပ်မံရွှေ့ပြောင်း တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
အလားတူ ဖေဖော်ဝါရီ ၁၉ ရက် မနက် ၁၁ နာရီကျော်မှာ စစ်ကောင်စီ ဂျက်တိုက်လေယာဉ် ၂ စီး လာရောက်ပြီး ရှေ့ဆင့်နောက်ဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ရမ်းဗြဲမြို့နယ်၊ လေးတောင်တိုက်နယ်၊ သရက်ချိုကျေးရွာက အပြစ်မဲ့ပြည်သူ ရွာသား ၂ ယောက် သေဆုံးခဲ့ပါတယ်။
Photo: APM


