
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မုံသွင်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက် မနက် ၁၁ နာရီလောက်ကစပြီး မုံသွင်ရွာရဲ့အနောက်တောင်ဘက် ဒေသအခေါ် ဘုရားကုန်းအနီးမှာ တိုက်ပွဲဖြစ်ပွားနေတာပါ။
မုံသွင်ရွာက စစ်ရှောင်တယောက်က “တိုက်ပွဲကြာချိန်က တနာရီလောက်တော့ ကြာလိမ့်မယ်။ နှစ်ဖက် အထိခိုက်ကတော့ ဘာမှမသိရသေးဘူး။ အဲဒီလို တိုက်ပွဲဖြစ်နေချိန် မုံသွင်ရွာထဲမှာ နောက်ချန်နေတဲ့ စစ်သားတွေက ထွန်စက်တစီးကိုလည်း မီးရှို့တာတွေလုပ်တယ်” လို့ ပြောပါတယ်။
မုံသွင်ရွာဟာ အိမ်ခြေ ၇၀၀ လောက်ရှိပြီး ပုလဲမြို့ရဲ့ မြောက်ဘက် ၆ မိုင်လောက် ကွာဝေးပါတယ်။
စစ်ကောင်စီ စစ်ကြောင်းဟာ BNRA ခေါင်းဆောင် ဗိုလ်နဂါး စစ်တပ်ဆီ လက်နက်ချအညံ့ခံပြီး ဖေဖော်ဝါရီ ၁၉ ရက်ကစလို့ ပုလဲမြို့နယ်အတွင်း အင်အား ၂၅၀ ကျော်နဲ့ စစ်ကြောင်းထိုးတာ ဖြစ်ပါတယ်။
မြေပြင်စစ်ရေးသတင်းရင်းမြစ်တယောက်က “စစ်ကြောင်းက ချင်ပြစ်ရွာကနေ မုံသွင်ရွာကို ကူးလာတာ။ အခုဖြစ်တာက စစ်ကြောင်းရဲ့ ရှေ့ပြေးအဖွဲ့နဲ့ဖြစ်တာ။ ချင်ပြစ်ရွာထဲမှာလည်း နောက်ချန်အဖွဲ့ကျန်ခဲ့သေးတယ်။ ကိုယ့်ဘက်က ဒရုန်းနဲ့ ရှေ့ပြေးစစ်ကြောင်းကို တိုက်ခိုက်တာ။ အဲဒီလို တိုက်ခိုက်ပြီး မြေပြင် အပြန်အလှန်တိုက်ပွဲ ဖြစ်တာ။ နှစ်ဖက်အထိခိုက်ကတော့ ဘာမှပြောလို့မရသေးဘူး။ သူတို့ဘက်က အထိနာလို့ ညနေ ၅ နာရီမှာ ဂျက်ဖိုက်တာ ၂ စင်းနဲ့ ဗုံးသီး ၃ လုံးထက်မနည်း ပတ်ကြဲချသွားတယ်။ ကျန်တာကတော့ နှစ်ဖက်စစ်ရေး တင်းမာနေဆဲလို့ ပြောလို့ရမယ်” လို့ ပြောပါတယ်။
အခုလို တိုက်ပွဲဖြစ်ပွားနေတာကြောင့် မုံသွင်ရွာက ဒေသခံပြည်သူတွေ အပါအဝင် အနီးအနားဝန်းကျင်က ဒေသခံတွေလည်း ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြရပါတယ်။


