
မိုးကုတ်နဲ့ မိုးမိတ်ရှိ စစ်ကောင်စီရဲ့ အုပ်ချုပ်ထောက်ပံ့မှုနေရာတွေနဲ့ အရေးကြီးပစ်မှတ်တွေကို အထူးစစ်ဆင်ရေးတွေနဲ့ အဆက်မပြတ်တိုက်ခိုက်နေပြီး ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်ဘက်က ၂၁ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
မိုးကုတ် - မိုးမိတ်ဒေသ စစ်ဆင်ရေး စစ်ဦးစီးအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း တိုက်ပွဲကြီး ၇ ကြိမ်၊ ဖေဖော်ဝါရီလအတွင်း တိုက်ပွဲကြီးငယ်ပေါင်း ၁၀ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ တိုက်ပွဲတွေနဲ့ စစ်ဆင်ရေးတွေအတွင်း စစ်ကောင်စီဘက်က ၂၁ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာတွေရှိသလို ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကိုလည်း လိုအပ်တဲ့ ဆေးဝါးကုသပေးပြီး စနစ်တကျ ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ မိုးကုတ်- မိုးမိတ် ဒေသအတွင်း စစ်ကောင်စီကို ပြင်းပြင်းထန်ထန် တိုက်ခိုက်တုံ့ပြန်နေသလို စစ်ကောင်စီရဲ့ အုပ်ချုပ်ထောက်ပံ့မှုနေရာတွေနဲ့ အရေးကြီးပစ်မှတ်တွေကို အထူးစစ်ဆင်ရေးတွေနဲ့ အဆက်မပြတ် ထိုးနှက်တိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။
ပြီးတော့ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းကိုလည်း လုပ်နေသလို ဒေသတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေကို စနစ်တကျ ဖော်ထုတ်ဖမ်းဆီးပြီး တရားဥပဒေနဲ့အညီ စီရင်နိုင်ရေး သက်ဆိုင်ရာဆီကို တရားခံတွေ လွှဲပြောင်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့နဲ့ ရှမ်းပြည်နယ်၊ မိုးမိတ်မြို့တို့ကို TNLA နဲ့ မဟာမိတ်တပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီက တရုတ်ရဲ့ အကူအညီနဲ့ ၂၀၂၅ ခုနှစ်ကုန်ပိုင်းမှာ ပြန်လည်ရယူထားတာ ဖြစ်ပါတယ်။


