
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပြောင်းကျေးရွာအနားရှိ ကုန်ကားတွေ ရပ်နားထားတဲ့ နေရာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခဲ့တာကြောင့် ရခိုင်ကုန်သည်နဲ့ ကားသမား အပါအဝင် ၂၅ ယောက် သေဆုံးပြီး ပြင်းထန်ဒဏ်ရာရရှိထားသူ အယောက် ၂၀ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြောင်းကျေးရွာအနီးရှိ ကုန်ကားတွေ ရပ်နားထားတဲ့ နေရာကို စစ်တပ်က မတ် ၁ ရက် မနက် ၁၁ နာရီခွဲလောက်မှာ ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ ပေါင် ၃၀၀ ဗုံးတွေ၊ ဒုံးကျည်တွေနဲ့ အကြိမ်ပေါင်းများစွာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ မင်းတုန်းဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“မင်းတုန်းကနေ ရခိုင်ဘက်ကို ကုန်ပစ္စည်းတွေ သယ်ယူဖို့ လုပ်နေကြတဲ့ ကုန်သည်တွေ ကားသမားတွေ နားနေကြတုန်းမှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့လာပြီး ပေါင် ၃၀၀ ဗုံးတွေ၊ ရော့ကတ်တွေနဲ့ တရစပ်ပစ်သွားတာ။ ဂျက်ဖိုက်တာ ၂ စီးနဲ့ ၈ ကြိမ်အထိ လာပစ်သွားတာ။ အကုန်လုံးကို ပျက်စီးသွားအောင် အငြိုးနဲ့လာပစ်တာ” လို့ပြောပါတယ်။
သေဆုံးသွားတဲ့အထဲမှာ မကွေးတိုင်းဒေသခံ ၃ ယောက် ပါဝင်ပြီး ကျန် ၂၂ ယောက်က ရခိုင်ကုန်သည်တွေလို့ သိရကာ အမျိုးသမီး ၂ ယောက်လည်း ပါဝင်တယ်လို့ မင်းတုန်းဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ၆ ဘီးကား ၁၀ စီးကျော်နဲ့ ဆုံးရှုံးတန်ဖိုး ကျပ်သိန်း ၂၀,၀၀၀ လောက်ရှိနိုင်တယ်လို့ သရက်ခရိုင် ပကဖ တာဝန်ခံ ကိုဗဟိန်းက သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
မကွေးတိုင်းကနေ ရခိုင်ပြည်နယ်သို့ စားသောက်ကုန်တွေကို မင်းတုန်းဘက်ကတဆင့် ပို့ဆောင်နေကြတာ ဖြစ်ပြီး ရခိုင်ပြည်သို့ ကုန်စည်စီးဆင်းမှုကို စစ်ကောင်စီက ဖြတ်တောက်ဖို့ ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။
ဇန်နဝါရီလကလည်း မင်းတုန်းမြို့နယ်အနောက်ဘက်ခြမ်းရှိ ကုန်သွယ်ရေးလမ်ကြောင်းပေါ်မှာရှိတဲ့ သဖန်ရောင်၊ ဝက်ကော်၊ ထန်းပင်းကုန်၊ ပြောင်းရွာတို့ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးကာ ရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။


