Home
မြန်မာသတင်း
ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရှေ့အလယ်ပိုင်းဒေသရောက် မြန်မာများ စိုးရိမ်နေကြ
DVB
·
March 1, 2026
Photo: REUTERS/Raghed Waked TPX IMAGES OF THE DAY

အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို ဖေဖော်ဝါရီ ၂၈ ရက်ကစပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြပြီးနောက် အီရန်ဘက်ကလည်း လက်တုံ့ပြန်တဲ့အနေနဲ့ ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်နေတာကြောင့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေလည်း စိုးရိမ်ထိတ်လန့်နေကြပါတယ်။

အီရန်က တန်ပြန်တိုက်ခိုက်မှုတွေ ပြုလုပ်ရာမှာ ဘာရိန်း၊ ယူအေအီး၊ ဆော်ဒီအာရေဗျ၊ ကူဝိတ်၊ ဂျော်ဒန် တို့အပါအဝင် အမေရိကန် စစ်အခြေစိုက်စခန်းတွေ တည်ရှိရာနေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာလို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။

အီရန်က တိုက်ခိုက်ခဲ့ရာမှာ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမှာရှိတဲ့ ဇိမ်ခံဟိုတယ်တလုံး ထိမှန်ခဲ့ပါတယ်။ ဒါ့အပြင် အဘူဒါဘီမြို့မှာလည်း ဒုံးကျည်အပျက်အစီးတွေ ကျတာကြောင့် အရပ်သားတယောက် သေဆုံးခဲ့တယ်လို့ ယူအေအီး အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

လက်ရှိအခြေအနေကြောင့် ယူအေအီးနိုင်ငံမှာ ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ စိုးရိမ်မှုတွေလည်း ရှိနေကြတာပါ။

ဒူဘိုင်းရောက် မြန်မာတယောက်ဖြစ်တဲ့  ကိုစိုးသူက “စိုးရိမ်စိတ်ကတော့ မနေ့က ညနေထိတော့ ကျနော်တို့ နိုင်ငံမှာလည်း ဒီလိုမျိုး ဗုံးပေါက်ကွဲတာတွေ၊ ဗုံးသံတွေ ကြားဖူးတယ်။ ပြီးတော့ ကျနော်တို့ မိသားစုတွေကိုယ်တိုင် မြန်မာနိုင်ငံမှာ ဒီလိုမျိုး အခြေအနေတွေ ကြုံခဲ့ဖူးတဲ့အခါကျတော့ မနေ့က ညနေထိတော့ အရမ်းကြီး စိုးရိမ်စိတ်မရှိဘူး။ ညလည်း ကျရော Security Alert တွေ မြည်တယ်။ ဖုန်းတွေ မြည်တယ်။ အဲဒီအခါကျတော့ ကျနော် အရမ်းကြောက်သွားတယ်။ ကြောက်တာထက် စိုးရိမ်စိတ် ဖြစ်သွားတယ်။ တညလုံး အိပ်လို့ မရတော့ဘူး။ အဲဒီတော့ ကိုယ့်ဟာနဲ့ကိုယ် ပတ်စ်ပို့တွေ၊ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ၊ ကျောပိုးအိတ် တလုံးထဲမှာ ထည့်ပြီး Ready ဖြစ်အောင် လုပ်ထားရတယ်”လို့ ပြောပါတယ်။

အီရန်ဘက်က ပစ်ခတ်မှုတွေကြောင့် ဒူဘိုင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်၊ အဘူဒါဘီနဲ့ ကူဝိတ်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေလည်း ထိခိုက်ခဲ့ပြီးနောက် ဒူဘိုင်း အပါအဝင် အရှေ့အလယ်ပိုင်းဒေသက အဓိကလေဆိပ်တွေကို ဖေဖော်ဝါရီ ၂၈ ရက်ကစပြီး ပိတ်လိုက်ပါတယ်။ 

အာရှ၊ ဥရောပနဲ့ အရှေ့အလယ်ပိုင်းက လေကြောင်းလိုင်းတွေလည်း ခရီးစဉ် အမြောက်အမြားကို ဖျက်သိမ်းတယ်လို့ ကြေညာခဲ့ပါတယ်။ 

အဘူဒါဘီမြို့မှာ  နေထိုင်သူတယောက်က “အခုလောလောဆယ် လေဆိပ်က မနေ့ညနေကစပြီး လေကြောင်းလိုင်းဝန်ထမ်းတွေ အားလုံးကို ပြန်လွှတ်တယ်။ Flight တွေ အကုန်လုံးကိုလည်း ဆိုင်းငံ့ထားတယ်။ မနေ့က ယူအေအီး အချိန် ၆ နာရီလောက်က စပြီး ဝန်ထမ်းတွေ အကုန်လုံးကို ပြန်လွှတ်ထားတယ်။ လေဆိပ်ပိတ်ထားတဲ့အတွက် လေဆိပ်ကို လာတဲ့ ခရီးသည်တွေတော့ မရှိဘူး။ အကုန်လုံးကိုတော့ အီးမေးလ်နဲ့ အကြောင်းကြားပေးထားတယ်။ Flight cancel ဖြစ်တဲ့အကြောင်း လေကြောင်းလိုင်းက ပို့ပေးထားတာ ဆိုတော့ ခရီးသည်တွေလည်း နည်းတယ်။ မနေ့ညက ၁၂ နာရီခွဲလောက်ကနေ စပြီး ဒူဘိုင်းလေဆိပ် Terminal 3, First Class Lounge အရှေ့မှာ ထိခိုက်မှုတွေ ရှိတယ်။ အဘူဒါဘီကျတော့ လေဆိပ်ဝင်းထဲ ဒရုန်းကျတယ်။ အဲဒီအခါကျတော့ အရပ်သား တယောက် သေတယ်။ ၇ ယောက် ဒဏ်ရာရတယ်။ လေဆိပ်မှာလည်း ဝန်ထမ်းတွေ မရှိဘူး။ Further Notice မလုပ်တဲ့အထိ မလာပါနဲ့လို့ပဲ ပြောထားတယ်”လို့ ပြောပါတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ အရှေ့အလယ်ပိုင်းဒေသ စစ်ရေးတင်းမာမှုတွေကြောင့် ယူအေအီးနိုင်ငံတွေမှာ နေထိုင်နေကြတဲ့  မြန်မာနိုင်ငံသားတွေ လုံခြုံရေးညွှန်ကြားချက်တွေကို လိုက်နာဖို့၊ မလိုအပ်ဘဲ အပြင်မထွက်ဖို့၊ အရေးပေါ်အခြေအနေအတွက် ကြိုပြင်ထားကြဖို့ စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံးဘက်က ထုတ်ပြန်ထားပါတယ်။

ဒေသတွင်း စစ်ရေးအခြေအနေ ဆက်လက် မတည်ငြိမ်နေသေးတာကြောင့် အီရန်နဲ့ အစ္စရေးအကြား တိုက်ပွဲတွေ ပိုမိုကျယ်ပြန့်လာနိုင်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ခန့်မှန်းထားပါတယ်။ 

ဇွဲသစ် 

Photo: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013