Home
နိုင်ငံတကာ
အီရန်အပေါ် တိုက်ခိုက်မှုကို ရှားဘုရင် အိမ်ရှေ့စံ၏ စစ်ဦးစီးချုပ်က ချီးကျူး
DVB
·
March 1, 2026
Photo: Majid Asgaripour/WANA (West Asia News Agency) via REUTERS

ဖေဖော်ဝါရီ ၂၈ ရက်မှာ အီရန်အပေါ် အမေရိကန်-အစ္စရေး ပူးတွဲတိုက်ခိုက်မှုတွေဟာ အီရန်နိုင်ငံရဲ့ ခေါင်းဆောင်မှု ပြိုလဲဖို့ အလားအလာရှိတဲ့ အလှည့်အပြောင်းတခုဖြစ်တယ်လို့ ဖြုတ်ချခံရတဲ့ အီရန်ရှားဘုရင်ရဲ့ ပြည်ပရောက်သားဖြစ်သူ ရေဇာပါလာဗီရဲ့ လက်ထောက်၊ စစ်ဦးစီးအရာရှိချုပ် ကင်မရွန်ခန်းဆာရီနီးယားက ပြောလိုက်ပါတယ်။

ကင်မရွန်ခန်းဆာရီနီးယားက  “ဒီစစ်ဆင်ရေးကို ဆက်လုပ်ပြီး အီရန် အစိုးရအရာရှိတွေ နောက်ထပ် သေဆုံးကာ အစိုးရရဲ့ ဖိနှိပ်ရေးယန္တရားဟာ သိသိသာသာ အားနည်းနေမယ်ဆိုရင် ဒါဟာ အစိုးရရဲ့ အဆုံးသတ်ပဲ”လို့  ပြင်သစ်မြို့တော် ပါရီမှာ ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောပါတယ်။

အစိုးရရဲ့ ထိန်းချုပ်မှုကို လျှော့ချတာက အစိုးရကို ဖြုတ်ချဖို့ နိုင်ငံသားတွေကို စွမ်းဆောင်နိုင်စေနိုင်တယ်လို့လည်း သူက အလေးပေး ပြောပါတယ်။

အီရန် ရှားဘုရင်ရဲ့သား ပါလာဗီရဲ့ အဖွဲ့အစည်းဟာ အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေ အတွင်းကျကျ ပြောင်းမှုတွေ တိုးပွားလာနေတာကို မှတ်တမ်းတင်နေပြီး စစ်သားတွေဟာ အရပ်သားလူထုဘက်ကို စတင် ဝင်ရောက်လာနိုင်တယ်လို့ ခန်းဆာရီနီးယားက ပြောပါတယ်။

“အချိန်တန်လာတော့မှာပါ။ အဲဒီစစ်သားတွေက သူတို့ရဲ့ ညီအစ်ကို၊ မောင်နှမ၊ မိခင်၊ ဖခင်တွေကို ပစ်ခတ်ဖို့ ဆန္ဒမရှိတော့တဲ့အချိန်ကို ကျနော်တို့ မြင်တွေ့နေရပါပြီ။ ဒါကြောင့် စပြီး ခွဲထွက်နေပြီး၊ သူတို့ဟာ ပိုမြန်တဲ့နှုန်းနဲ့ ဆက်လက်တိုးပွားလာလိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။”

အီရန်တဝန်းက နေရာရာပေါင်းများစွာကို ပစ်မှတ်ထားတဲ့ ဒီစစ်ဆင်ရေးဟာ ဆယ်စုနှစ်တွေ အများကြီးအတွင်း အကျယ်ပြန့်ဆုံး စစ်ဆင်ရေးတွေထဲက တခုအဖြစ် ဖော်ပြခံခဲ့ရပါတယ်။

ခန်ဆာရီနီးယားက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဝင်စွက်မှုအတွက်လည်း ချီးကျူးဂုဏ်ပြုခဲ့ပေမဲ့ အစိုးရအပြောင်းအလဲက အီရန်ပြည်သူတွေအပေါ်မှာ မှီခိုနေရဆဲလို့ သူက ဆက်ပြောပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုတွေက အဓိကစစ်ရေးအဆောက်အအုံများကို ဖျက်ဆီးခဲ့ပြီး အကြီးတန်း တော်လှန်ရေးအစောင့်တပ် ထိပ်တန်းအရာရှိတွေနဲ့ နျူကလီးယားအရာရှိတွေကို ပစ်မှတ်ထားခဲ့ တာပါ။

အီရန်က လက်စားချေတဲ့အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ တပ်ချထားတဲ့ အမေရိကန်နဲ့ အစ္စရေး စစ်စခန်းတွေဆီ ဒုံးကျည်တွေ ပစ်လွှတ်ခဲ့လို့ ဒေသတွင်းတင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013