Home
နိုင်ငံတကာ
အီရန်တပ်က အိမ်နီးချင်းနိုင်ငံများရှိ အမေရိကန်စခန်း ၁၄ ခုကို တိုက်ခိုက်၊ ၂၀၀ ကျော်သေဆုံးဟု ပြော
DVB
·
March 1, 2026
Photo: Courtesy of Reuters-Yonhap

အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က အိမ်နီးချင်းနိုင်ငံတွေမှာ အခြေစိုက်ထားတဲ့ အမေရိကန်စခန်း ၁၄ ခုကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီး တပ်ဖွဲ့ဝင်အယောက် ၂၀၀ ထက်မနည်း သေဆုံး ဒဏ်ရာရခဲ့တယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာနဲ့ တက်စ်နင်မ် သတင်းဌာနတို့က ကြေညာပါတယ်။

IRGC က ကာတာနိုင်ငံ အယ်လ်အူဒိတ်စခန်းမှာ တပ်ထားတဲ့ အမေရိကန်ရဲ့ FP-132 ရေဒါကို လုံးဝဖျက်ဆီးပစ်ခဲ့တယ်လို့လည်း ပြောပါတယ်။

ဒီရေဒါမှာ ပဲ့ထိန်းဒုံးကျည်ကြားဖြတ်နည်းပညာ တပ်ဆင်ထားပြီး ကီလိုမီတာ ၅,၀၀၀ အထိ ထောက်လှမ်းနိုင်တယ်လို့လည်း အီရန်ဘက်က ထပ်ပြောပါတယ်။

ဒေသတွင်းက အမေရိကန်၊ အစ္စရေးအခြေစိုက်စခန်းတွေနဲ့ ပိုင်ဆိုင်မှုအားလုံးဟာ အီရန်ရဲ့  တရားဝင်စစ်ရေး ပစ်မှတ်တွေဖြစ်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရာချီက ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဋ္ဌဆီ စာပေးပို့ခဲ့တယ်လို့ IRIB သတင်းမှာ ဖော်ပြပါတယ်။

အမေရိကန်နဲ့ အစ္စရေးအစိုးရတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက ကုလသမဂ္ဂပဋိညာဉ်စာတမ်း အပိုဒ် ၂၊ အပိုဒ် ၄ ကို ရှင်းရှင်းလင်းလင်း ချိုးဖောက်တာ ဖြစ်ပြီး အီရန်အစ္စလာမ်သမ္မတ နိုင်ငံအပေါ် လက်နက်ကိုင် ကျူးကျော်မှုရဲ့ ရှင်းလင်းတဲ့ ဥပမာလို့လည်း အာရတ်ချီက စာထဲမှာ ဖော်ပြထားပါတယ်။

ဒီကျူးကျော်မှုလုပ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ အီရန်က ကုလသမဂ္ဂပဋိညာဉ်စာတမ်း အပိုဒ် ၅၁ နဲ့ အညီ မွေးရာပါနဲ့ တရားဝင်ကိုယ်ပိုင် ကာကွယ်ရေးအခွင့်အရေးကို ကျင့်သုံးနေတယ်လို့ ပြောပါတယ်။

အီရန်တပ်တွေက ရာဇဝတ်မှုဆိုင်ရာကျူးကျော်မှုကို ရင်ဆိုင်ဖို့၊ ရန်လိုတဲ့လုပ်ရပ်တွေကို တားဖို့ လိုအပ်တဲ့ ကာကွယ်ရေးစွမ်းရည်တွေနဲ့  အထောက်အကူပြုပစ္စည်းတွေ အားလုံးကို သုံးသွားမယ်လို့ ပြောခဲ့ပါတယ်။

IRGC အကြီးတန်းတပ်မှူး အီဘရာဟင် ဂျက်ဘာရီက အီရန်ဟာ အမေရိကန်နဲ့စစ်ပွဲမှာ အဆင့်မြင့်နဲ့ အစွမ်းထက်ဆုံးဒုံးကျည်တွေကို သုံးဖို့ အသင့်ရှိတယ်လို့ ဖေဖော်ဝါရီ ၂၈ ရက်မှာ ပြောခဲ့ပါတယ်။

“ကျနော်တို့က ခင်ဗျားတို့ကို တိုက်ဖို့ အဆင့်မြင့်ဆုံး စွမ်းရည်တွေကို ဟိုးလွန်ခဲ့တဲ့ နှစ်တွေတည်းက တပ်ဆင်ထားတယ်”လို့ အီဘရာဟင် ဂျက်ဘာရီက ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013