
ကျူးဘားနိုင်ငံထဲကို စပိဘုတ် အမြန်ရေယာဉ်နဲ့ ခိုးဝင်ဖို့ ကြိုးစားခဲ့တဲ့ ကျူးဘားပြည်ပြေး ကွန်မန်ဒိုအဖွဲ့ဟာ ကျည်ဆန်ပေါင်း ၁၃,၀၀၀ နီးပါး၊ ရိုင်ဖယ် ၁၃ လက်နဲ့ ပစ္စတို ၁၁ လက်အထိ အပြည့်အစုံ ကိုင်ဆောင်ထားတယ်လို့ ကျူးဘားအရာရှိတွေက ဖေဖော်ဝါရီ ၂၇ မှာ ပြောပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက်က ပင်လယ်ပြင်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်အသစ်တွေကို ချပြခဲ့ပါတယ်။
ဟာဗားနား အစိုးရအရာရှိတွေရဲ့ ထုတ်ပြန်ချက်အရ အမေရိကန်ကနေလာတဲ့ ကျူးဘားနိုင်ငံသား ၁၀ ယောက်ဟာ ကျူးဘားရေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာပြီး နယ်ခြားစောင့်သင်္ဘောကို အရင်စတင် ပစ်ခတ်ခဲ့တာကြောင့် ကျူးဘားတပ်ဖွဲ့တွေကလည်း ပြန်လည်ပစ်ခတ်ရာမှာ တိုက်ခိုက်သူ ၄ ယောက် သေဆုံးပြီး ၆ ယောက် ဒဏ်ရာရရှိခဲ့ကာ အားလုံးကို ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
သူတို့ပြောတဲ့ သတင်းအချက်အလက်တွေ မှန်ကန်ကြောင်း သက်သေပြဖို့အတွက် ကျူးဘား ပြည်ထဲရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတွေဟာ သိမ်းဆည်းရမိထားတဲ့ လက်နက်တွေကို ရုပ်သံအစီအစဉ်တခုမှာ ထုတ်ပြခဲ့ပြီး အဲဒီထဲမှာ ကျည်ဆန်ပေါင်း ၁၂,၈၄၆ တောင့် ထည့်ထားတဲ့ပုံးတွေလည်း ပါဝင်ပါတယ်။
ဒါ့အပြင် ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ သင်္ဘောတွေရဲ့ ဓာတ်ပုံတွေကိုလည်း ပြသခဲ့ပါတယ်။ အဲဒီသင်္ဘောတွေမှာ ကျည်ဆန်ရာတွေ အများကြီး ရှိနေပြီး ပေ ၆၀ ကျော် (မီတာ ၂၀) အကွာအဝေးလောက်ကနေ အပြန်အလှန် ပစ်ခတ်ခဲ့ကြတာလို့ ဆိုပါတယ်။
တိုက်ခိုက်သူတွေဟာ အမေရိကန်မှာ အခြေချနေထိုင်တဲ့ ကျူးဘားလူမျိုးတွေဖြစ်ပြီး တချို့ကတော့ အကြမ်းဖက်သမား စာရင်းသွင်းခံထားရသူတွေလို့ ကျူးဘားဘက်က ပြောပါတယ်။
သူတို့ဟာ ကျူးဘားကျွန်းပေါ်မှာ ဆူပူသောင်းကျန်းမှုတွေဖြစ်အောင်နဲ့ စစ်တပ်စခန်းတွေကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက်နဲ့ လာတာလို့ ဆိုပါတယ်။
ဒါပေမဲ့ အမေရိကန် နိုင်ငံရေးသမားတွေကတော့ ကျူးဘားရဲ့ ပြောဆိုချက်အပေါ် သံသယရှိနေပါတယ်။
နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုကတော့ ဒါဟာ အမေရိကန်အစိုးရရဲ့ စစ်ဆင်ရေး မဟုတ်သလို အစိုးရဝန်ထမ်းတွေလည်း မပါဝင်ကြောင်းနဲ့ ဒီကိစ္စကို သီးခြားစုံစမ်းစစ်ဆေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
အဲဒီအဖွဲ့ဟာ ဖလော်ရီဒါပြည်နယ် မာရသွန်မြို့ကနေ သင်္ဘော ၂ စင်းနဲ့ ထွက်ခွာလာတာ ဖြစ်ပြီး လမ်းမှာ စက်ချို့ယွင်းချက်ကြောင့် တစင်းကို ထားခဲ့ကာ အမြန်ရေယာဉ်တစင်းတည်းပေါ်မှာ အားလုံး စုလိုက်ကြတာပါ။
အဲဒီအမြန်ရေယာဉ်ဟာ ဖလော်ရီဒါမှာ အခိုးခံထားရတဲ့ယာဉ် ဖြစ်တယ်လို့ အမေရိကန်အရာရှိ တယောက်က ဆိုပါတယ်။
ကျူးဘားအစိုးရဟာ ဒရုန်းတစီး၊ ရေဒီယိုတွေ၊ ဓားတွေ၊ အိတ်ဆောင်လျှပ်စစ်မီးစက်နဲ့ တခြားပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
ဒါ့အပြင် ကျူးဘားအစိုးရကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေရဲ့ အမှတ်တံဆိပ်တွေကိုလည်း တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။
ဒီဖြစ်ရပ်ဟာ အမေရိကန်နဲ့ ကျူးဘားကြား ဆက်ဆံရေး တင်းမာနေတဲ့ အချိန်မှာ ဖြစ်ပွားခဲ့တာပါ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကျူးဘားရဲ့ မဟာမိတ် ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုကို ဖြုတ်ချပြီးနောက် ကျူးဘားအပေါ် ရေနံပိတ်ဆို့မှုတွေ လုပ်ပြီး ဖိအားပေးနေတဲ့ ကာလလည်း ဖြစ်ပါတယ်။
Source: Reuters


