Home
နိုင်ငံတကာ
အမေရိကန်-အီရန် ဆွေးနွေးမှု တိုးတက်မှုရှိသော်လည်း သဘောတူညီမှုမရ
DVB
·
February 27, 2026
Photo: IRIB VIA WANA

ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ ဖေဖော်ဝါရီ ၂၆ ရက်က ပြုလုပ်ခဲ့တဲ့ အမေရိကန်နဲ့ အီရန်တို့ရဲ့ နျူကလီးယားအရေးဆွေးနွေးပွဲဟာ တိုးတက်မှုရှိတယ်လို့ ဆိုပေမဲ့ သဘောတူညီမှုမရဘဲ ပြီးဆုံးသွားခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်က စစ်ရေးအရ အကြီးအကျယ် ပြင်ဆင်နေချိန်မှာပဲ အခုလို ဆွေးနွေးပွဲ ပြီးဆုံးသွားတာ ဖြစ်ပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာရက်ချီက ဆွေးနွေးပွဲမှာ ကောင်းမွန်တဲ့ တိုးတက်မှုတွေ ရခဲ့တယ်လို့ ပြောကြားခဲ့ပြီး နောက်တပတ် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့မှာ လုပ်ငန်းပိုင်းဆိုင်ရာ ထပ်မံဆွေးနွေးသွားဖို့ ရှိနေပါတယ်။

အီရန် ယူရေနီယံသန့်စင်မှု လုံးဝရပ်တန့်ဖို့နဲ့ သန့်စင်ပြီးသား ယူရေနီယံတွေကို နိုင်ငံပြင်ပထုတ်ဖို့ အမေရိကန်ဘက်က တောင်းဆိုခဲ့ပေမဲ့ အီရန်ဘက်က လက်မခံခဲ့ပါဘူး။

အဲဒီအစား ကုလသမဂ္ဂရဲ့ စောင့်ကြည့်မှုအောက်မှာ အတိုင်းအတာတခုအထိ ယူရေနီယံ သန့်စင်ခွင့်ပြုဖို့ အီရန်က အဆိုပြုထားပြီး စီးပွားရေးပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့လည်း တောင်းဆိုထားပါတယ်။

ဒီဆွေးနွေးပွဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ်နဲ့ သမက်ဖြစ်သူ ဂျရက် ကူရှ်နာ တို့က အမေရိကန် ကိုယ်စားပြု တက်ရောက်ခဲ့တာပါ။

အီရန်အနေနဲ့ နျူကလီးယားလက်နက်ကို ဘယ်တော့မှ ထုတ်လုပ်မှာမဟုတ်ဘူးလို့ အာရက်ချီက ဆိုပါတယ်။

ဒါပေမဲ့ ပဲ့ထိန်းဒုံးကျည် အစီအစဉ်နဲ့ ဒေသတွင်းက လက်နက်ကိုင်အဖွဲ့တွေကို ထောက်ပံ့နေတဲ့ ကိစ္စတွေကိုတော့ ဆွေးနွေးဖို့ အီရန်ဘက်က ငြင်းဆန်ထားပါတယ်။

သဘောတူညီမှု အမြန်ဆုံး မရခဲ့ရင် သမ္မတ ထရမ့်ပ် အနေနဲ့ အီရန်ကို စစ်ရေးအရ အရေးယူနိုင်ခြေ ရှိနေဆဲ ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013