
နျူကလီးယားလက်နက်အင်အား တိုးချဲ့ဖို့ အာရုံစိုက်သွားမှာဖြစ်တယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက ပြောကြားလိုက်ပါတယ်။
အမေရိကန်နဲ့ ဆက်ဆံရေးကောင်းဖို့ ဆိုတာကတော့ ဝါရှင်တန်ရဲ့ သဘောထားရပ်တည်ချက် အပေါ်မှာပဲ လုံးလုံးလျားလျား မှီတည်တယ်လို့ပါ ကင်မ်က ပြောပါတယ်။
ပြုံယမ်းမြို့တော်မှာ ဖေဖော်ဝါရီ ၂၅ ရက်က စစ်ရေးပြပွဲနဲ့အတူ တပတ်ကြာမြင့်တဲ့ မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီရဲ့ ၉ ကြိမ်မြောက် ညီလာခံကို ပိတ်သိမ်းခဲ့တယ်လို့ KCNA သတင်းဌာနက ဖော်ပြပါတယ်။
“ကျုပ်တို့ရဲ့ နိုင်ငံတော် နျူကလီးယားစွမ်းပကားကို နောက်ထပ်ချဲ့ထွင်၊ အားကောင်းအောင် လုပ်ဖို့နဲ့ နျူလက်နက်နိုင်ငံ အဆင့်အတန်းကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးဖို့ဟာ ကျုပ်တို့ပါတီရဲ့ ခိုင်မာတဲ့သန္နိဋ္ဌာန် ဖြစ်ပါတယ်” လို့ ကင်မ်က ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ နျူလက်နက်ထိပ်ဖူး ၅၀ ဝန်းကျင် တပ်ဆင်ထားပြီးတော့ နောက်ထပ် ၄၀ ထုတ်လုပ်ဖို့ ပစ္စည်းအလုံအလောက်ရှိသလို ထပ်ထုတ်လုပ်နိုင်ဖို့လည်း အရှိန်မြှင့် ကြိုးစားနေတယ်လို့ စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးအင်စတီကျု (SIPRI) က မနှစ်က ခန့်မှန်းထားပါတယ်။
ရေအောက်ကနေ ပစ်လွှတ်နိုင်တဲ့ တိုက်ချင်းပစ် ဒုံးကျည်သစ်တွေ၊ AI နည်းပညာသုံး တိုက်ခိုက်ရေးစနစ်တွေနဲ့ မောင်းသူမဲ့လေယာဉ်တွေ ထုတ်လုပ်သွားမဲ့ အစီအစဉ်တွေကိုလည်း သူက ချပြခဲ့ပါတယ်။
စစ်ရေးပြပွဲမှာ သမီးဖြစ်သူ ကင်မ်ဂျူအယ် ပါဝင်လာတာကြောင့် သူမကို အရိုက်အရာဆက်ခံဖို့ ပြင်ဆင်ပေးနေတာလားဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေလည်း ပိုထွက်ပေါ်လာပါတယ်။
တောင်ကိုရီးယားကိုတော့ အဆိုးရွားဆုံး ရန်သူအဖြစ် သတ်မှတ်ထားပြီး သမ္မတ အီဂျယ်မြောင် အစိုးရနဲ့ ဆွေးနွေးသွားမှာ မဟုတ်ဘူးလို့လည်း ပယ်ချထားပါတယ်။
Source: Reuters


