
အမေရိကန်နဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုအပေါ် အီရန်က လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်စစ်စခန်းတွေရှိတဲ့ ဒေသတွင်းနိုင်ငံတွေကို တိုက်ခိုက်ခဲ့ရာမှာ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမှာရှိတဲ့ ဇိမ်ခံဟိုတယ်တလုံးကိုပါ ထိမှန်ခဲ့ပါတယ်။
ဒူဘိုင်းမြို့ ပမ်းဂျူမေရာဧရိယာရှိ Fairmont The Palm ဟိုတယ်မှာ မီးလောင်ကျွမ်းခဲ့ပြီး လူ ၄ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
အဘူဒါဘီမြို့မှာလည်း ဒုံးကျည်အပျက်အစီးတွေ ပြုတ်ကျတာကြောင့် အရပ်သားတယောက် သေဆုံးခဲ့တယ်လို့ ယူအေအီး အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဘာရိန်းနိုင်ငံ မနာမာမြို့က အမေရိကန်ရေတပ်စခန်းနဲ့ ကာတာနိုင်ငံ ဒိုဟာမြို့က ဒေသတွင်း အကြီးဆုံး အမေရိကန်လေတပ်စခန်းကိုလည်း အီရန်က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။
ကူဝိတ်လေဆိပ်မှာလည်း ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ ဝန်ထမ်းတချို့ ဒဏ်ရာရရှိခဲ့ပြီး အီရတ်နိုင်ငံက အမေရိကန်စစ်စခန်းကို ဦးတည်လာတဲ့ ဒရုန်းတစင်းကိုလည်း အမေရိကန်ဘက်က ပစ်ချနိုင်ခဲ့ပါတယ်။
အစ္စရေးနဲ့ ဂျော်ဒန်နိုင်ငံတွေဘက်ကိုလည်း အီရန်က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပေမဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ ကြားဖြတ်ဟန့်တားနိုင်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုတွေဟာ ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့ Truthful Promise 4 စစ်ဆင်ရေးဖြစ်တယ်လို့ အီရန်အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်က ကြေညာပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လုပ်ရပ်ဟာ လုံးဝအကြောင်းမဲ့သက်သက် တရားမဝင် ကျူးလွန်တာဖြစ်ပြီး ကျူးကျော်သူတွေကို ထိုက်တန်တဲ့ သင်ခန်းစာပေးသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
Source: Reuters


