
အီရန်နိုင်ငံ၊ တီဟီရန်မြို့တော်ကို အမေရိကန်နဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် အီရန်ဘာသာရေးခေါင်းဆောင်ကြီး အယာတိုလာ အလီခါမေနီ သေဆုံးသွားပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြေညာပါတယ်။
ဒါဟာ ကမ္ဘာတဝန်းကလူတွေအတွက် တရားမျှတမှုဖြစ်ပြီး အခုအချိန်ဟာ အီရန်ပြည်သူတွေ သူတို့နိုင်ငံကို ပြန်လည်ရယူဖို့ အကောင်းဆုံးအခွင့်အရေးဖြစ်တယ်လို့ ထရမ့်ပ်က ဆိုပါတယ်။
ခါမေနီရဲ့အလောင်းကို တွေ့ရှိထားသလို အီရန်ကာကွယ်ရေးဝန်ကြီးနဲ့ တော်လှန်ရေး အစောင့်တပ်မှူးတို့လည်း သေဆုံးသွားတယ်လို့ အစ္စရေးဘက်က ထုတ်ပြန်ပါတယ်။
ဒါပေမဲ့ ခါမေနီဟာ တပ်တွေကို ကြံ့ကြံ့ခံ ကွပ်ကဲနေဆဲဖြစ်တယ်လို့ အီရန်အစိုးရပိုင် သတင်းဌာနတွေက တုံ့ပြန်ထားပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် နိုင်ငံတဝန်းမှာ လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။
လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးနိုင်ငံအပြင် အာရပ်စော်ဘွားများပြည်ထောင်စု၊ ကာတာနဲ့ ဘာရိန်းစတဲ့ နိုင်ငံတွေမှာရှိတဲ့ အမေရိကန်စစ်စခန်းတွေကို အီရန်က ဒုံးကျည်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။
အမေရိကန်တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုမရှိဘူးလို့ ပင်တဂွန်စစ်ဌာနချုပ်က သတင်း ထုတ်ပြန်ထားပါတယ်။
ကမ္ဘာ့ရေနံတင်ပို့မှုရဲ့ အဓိကလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ်ဆို့လိုက်ပြီလို့လည်း သိရပါတယ်။
Source: Reuters


