
အစ္စရေးနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး အီရန်နိုင်ငံကို လေကြောင်းနဲ့ ရေကြောင်းကနေ ကြိုတင် ကာကွယ်ရေးစစ်ပွဲတွေ စတင်လိုက်ပြီလို့ ဖေဖော်ဝါရီ ၂၈ ရက်မှာ ကြေညာအပြီးမှာ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးလ်ကတ်ဇ်ဟာ အစ္စရေးနိုင်ငံအပေါ် ကျရောက်လာနိုင်တဲ့ ခြိမ်းခြောက် မှုတွေကို ဖယ်ရှားဖို့ အီရန်ကို အစ္စရေးက ကြိုတင်ကာကွယ်ရေး ဒုံးကျည် စတင် ပစ်လွှတ် တိုက်ခိုက် တာလို့ ပြောပါတယ်။
ဒီစစ်ဆင်ရေးဟာ ဝါရှင်တန်နဲ့ လပေါင်းများစွာ ကြိုတင်ညှိနှိုင်းထားတာဖြစ်ပြီး အခုလို တိုက်ခိုက်မှု ကြောင့် အီရန်ရဲ့ မြို့တော်တီဟီရန်မှာ မီးခိုးတွေ မြင်နေရပြီလို့ ဆိုပါတယ်။
အခြေအနေတွေ ရှုပ်ထွေးနေတာကြောင့် အီရန်နိုင်ငံရဲ့ အမြင့်ဆုံး အဓိပတိခေါင်းဆောင် အယာတိုလာ အလီ ခါမေနီဟာ တီဟီရန်မှာ မရှိခဲ့ဘဲ ဘေးကင်းလုံခြုံတဲ့ နေရာတခုကို ပြောင်းရွှေ့ ထားပါတယ်။
အီရန်ဘက်က တုံ့ပြန်လာနိုင်ခြေရှိတာကြောင့် အစ္စရေးရဲ့ ဂျေရုဆလင်နဲ့ တဲလ်အဗစ်မြို့တွေ အပါအဝင် တနိုင်ငံလုံးမှာ လေကြောင်းရန် သတိပေးဥသြသံတွေ ပေးထားပါတယ်။
လူထုကို ကြိုတင်ပြင်ဆင်ထားဖို့ သတိပေးထားသလို ကျောင်းတွေကိုလည်း ပိတ်ထားပြီး လူစုလူဝေး မလုပ်ဖို့နဲ့ အိမ်ကနေပဲ အလုပ်လုပ်ကြဖို့ ညွှန်ကြားထားပါတယ်။
အီရန်ကို တိုက်ခိုက်မှုမှာ အမေရိကန်လည်း ပါဝင်နေပြီး အီရန်ကို လေကြောင်းနဲ့ ပင်လယ် လမ်းကြောင်းကနေ တပြိုင်နက် တိုက်ခိုက်နေတယ်လို့ အမေရိကန်အရာရှိ တယောက်က ရိုက်တာ ကို ပြောပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ဟာ အစီအစဉ်တွေကို အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပဲ့ထိန်းဒုံးကျည် ထုတ်လုပ်မှုတွေကို ရပ်တန့်ဖို့ ရည်ရွယ်တာဖြစ်ပြီး ဒါတွေကို ဆက်လုပ်နေမယ်ဆိုရင် ထပ်ပြီး တိုက်ခိုက်မယ်လို့ အရင်ကတည်းက သတိပေးနေခဲ့တာ ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုဟာ ဇွန်လအတွင်း ၁၂ ရက်ကြာ လေကြောင်းတိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက်မှာ ထပ်မံ ဖြစ်ပွားတာဖြစ်ပြီး ဒေသတွင်း စစ်ရေးပဋိပက္ခကို ပိုမိုပြင်းထန်စေနိုင်ကြောင်း သုံးသပ် နေကြ ပါတယ်။
အခုတိုက်ခိုက်မှုကြောင့် နှစ်နိုင်ငံကြား နျူကလီးယားအရေးကိစ္စအတွက် သံတမန်နည်းအရ ဖြေရှင်း နိုင်မယ့် မျှော်လင့်ချက်တွေလည်း ပိုပြီး မှေးမှိန်သွားပြီလို့ ခန့်မှန်းထားကြပါတယ်။
Source:Reuters


