
အစ္စရေးနိုင်ငံဘက်က အီရန်အပေါ် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဖေဖော်ဝါရီ ၂၈ ရက် ဒီကနေ့မှာ တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ ထုတ်ပြန်လိုက်ပြီးနောက် အီရန်မြို့တော် တီဟီရန်ရဲ့ ကောင်းကင်ယံမှာ မီးခိုးလုံးတွေ တက်လာတာကို မြင်တွေ့ရ ပါတယ်။
အီရန်မီဒီယာတွေရဲ့ အဆိုအရလည်း မြို့တော်အတွင်းမှာ ပေါက်ကွဲသံတွေ ကြားခဲ့ရတယ်လို့ သိရပါတယ်။
အခုတိုက်ခိုက်မှုကြောင့် အရှေ့အလယ်ပိုင်းဒေသဟာ စစ်ရေးပဋိပက္ခတွေထဲကို တကျော့ပြန် ပြန်လည် ရောက်ရှိသွားသလို အီရန်ရဲ့ နျူကလီးယားအရေးနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေနဲ့ ဖြစ်ပွားနေတဲ့ ရေရှည်အငြင်းပွားမှုကို သံတမန်နည်းလမ်းနဲ့ ဖြေရှင်းနိုင်မဲ့ မျှော်လင့်ချက်တွေလည်း ပိုပြီးမှေးမှိန်သွားခဲ့ရပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးလ်ကာ့ဇ်က "အစ္စရေးနိုင်ငံအပေါ် ကျရောက်လာနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို ဖယ်ရှားဖို့ အီရန်အပေါ် ကြိုတင်ကာကွယ်တဲ့အနေနဲ့ အခုလို တိုက်ခိုက်မှု စတင်လိုက်တာဖြစ်ပါတယ်"လို့ ပြောကြား ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း အစ္စရေးနဲ့ အီရန်တို့ကြား ၁၂ ရက်ကြာ လေကြောင်းတိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။
တကယ်လို့ အီရန်ဘက်ကသာ သူတို့ရဲ့ နျူကလီးယားနဲ့ တာဝေးပစ် ဒုံးကျည်အစီအစဉ်တွေကို ဆက်ပြီး လုပ်ဆောင်နေမယ်ဆိုရင် နောက်ထပ် တိုက်ခိုက်မှုတွေ လုပ်သွားမယ်လို့ အမေရိကန်နဲ့ အစ္စရေးတို့က ထပ်ခါတလဲလဲ သတိပေးခဲ့ပြီးတဲ့နောက်မှာ အခုလို တိုက်ခိုက်မှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုမှာ အမေရိကန်ပါ ပူးပေါင်းပါဝင်တယ်လို့ တာဝန်ရှိသူတယောက်က အယ်လ်ဂျားဇီးယားသတင်းဌာနကို ပြောပါတယ်။
Photo: Reuters


