Home
နိုင်ငံတကာ
အီရန်တွင် ဆန္ဒပြသူများအား သေဒဏ်ပေးမှု  ချက်ချင်းရပ်ဆိုင်းရန် ကုလတောင်းဆို 
DVB
·
February 28, 2026
Photo :Reuters

အီရန်နိုင်ငံမှာ သေဒဏ်ပေးမှုကို ချက်ချင်းရပ်ဆိုင်းဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ ဗော်လ်ကာတာ့ခ်က ဖေဖော်ဝါရီ ၂၇ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

အီရန်မှာ ဇန်နဝါရီလ ဆန္ဒပြပွဲတွေနဲ့ ဆက်နွှယ်နေတဲ့ ပထမဆုံးအကြိမ် သေဒဏ်စီရင်ချက် ချမှတ်မှု ကို အခုအပတ်မှာ ထုတ်ပြန်ခဲ့ပြီးနောက်မှာ နောက်ထပ် လူပေါင်းများစွာ သေဒဏ်စီရင်ခံရမဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့လည်း သတိပေးခဲ့ပါတယ်။

ဂျနီဗာမြို့မှာ ပြုလုပ်တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ မိန့်ခွန်းအတွင်းမှာ ဗော်လ်ကာတာ့ခ်က "ဆန္ဒပြပွဲတွေနဲ့ ဆက်နွှယ်ပြီး ကလေးငယ် ၂ ယောက် အပါအဝင် အနည်းဆုံး လူ ၈ ယောက် သေဒဏ် စီရင်ခံထားရတယ်ဆိုတဲ့ သတင်းတွေကြောင့် အတော်လေး ထိတ်လန့်တုန်လှုပ်မိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် နောက်ထပ် လူ ၃၀ လောက်ဟာ ဒီလို သေဒဏ်စီရင်ချက်မျိုး ချမှတ်ခံရဖို့ အလားအလာ ရှိနေတယ်လို့ သူက ဆိုပါတယ်။

တီဟီရန်မြို့ရှိ တော်လှန်ရေးတရားရုံးက “ဘုရားသခင်ကို ဆန့်ကျင်တဲ့လုပ်ရပ်” လို့ စွပ်စွဲခံရသူ အီရန်အမျိုးသားတယောက်ကို သေဒဏ်ချမှတ်ထားကြောင်းနဲ့ အဲဒီစီရင်ချက်သာ အတည်ဖြစ်လာ မယ်ဆိုရင် ဇန်နဝါရီ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး ပထမဆုံး သေဒဏ်စီရင်မှု ဖြစ်လာလိမ့်မယ်လို့ အဲဒီအမျိုးသားရဲ့ မိသားစုနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တခုက ပြောကြားခဲ့ပါတယ်။

၁၉၇၉ အစ္စလာမ်မစ်တော်လှန်ရေးနောက်ပိုင်း အဆိုးရွားဆုံးဖြစ်ခဲ့တဲ့ အခုဆန္ဒပြပွဲတွေကို နှိမ်နင်းရာမှာ လူပေါင်း ထောင်နဲ့ချီ သေဆုံးခဲ့ရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ကလည်း တကယ်လို့ အီရန်က သေဒဏ်စီရင်မှုတွေ လုပ်ဆောင် လာမယ်ဆိုရင် စစ်ရေးအရ တုံ့ပြန်သွားမယ်လို့ သတိပေးထားပါတယ်။

ဒီအခြေအနေအပေါ် ဗော်လ်ကာတာ့ခ်က ဒေသတွင်း စစ်ရေးပဋိပက္ခ ပိုမိုကြီးထွားလာမှာကို အလွန်အမင်း စိုးရိမ်မိကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

အိုမန်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ အမေရိကန်နဲ့ အီရန်တို့ကြား နျူကလီးယား အစီအစဉ်ဆိုင်ရာ ဆွေးနွေးမှုတွေမှာ တိုးတက်မှုအချို့ ရှိနေပေမဲ့ အမေရိကန်ရဲ့ စစ်ရေးအရ တိုက်ခိုက်မဲ့ အန္တရာယ်ကို ရှောင်လွှဲနိုင်မဲ့ အဆင့်အထိတော့ မရောက်သေးပါဘူး။

တချိန်တည်းမှာပဲ ရုရှားနဲ့ အမေရိကန်ကြားက New START နျူကလီးယားစာချုပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်မှာ သက်တမ်းကုန်ဆုံးသွားခဲ့တာကြောင့် ရုရှား၊ အမေရိကန်နဲ့ တရုတ်တို့ကြားမှာ လက်နက်ပြိုင်ဆိုင်မှုတွေ ပိုမိုပြင်းထန်လာမှာကိုလည်း ကုလသမဂ္ဂအကြီးအကဲက စိုးရိမ်ပူပန် နေပါတယ်။

ဒါ့အပြင် ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက် အများဆုံးစုဆောင်းထားတဲ့ နိုင်ငံ ၂ ခုကြား ချုပ်ဆို ထားတဲ့ စည်းကမ်းကန့်သတ်ချက်တွေ မရှိတော့တဲ့အပေါ် အလွန်စိုးရိမ်ပူပန်မိတယ်လို့ တာ့ခ်က ပြောပါတယ်။

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013