
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်က အီရန်နိုင်ငံအတွင်း အကြီးစား စစ်ဆင်ရေးတွေကို စတင် လိုက်ပြီဖြစ်ကြောင်း တရားဝင် ကြေညာလိုက်ပါတယ်။
ထရမ့်ပ်ရဲ့ ပြောကြားချက်အရ အမေရိကန် စစ်တပ်ဟာ အီရန်ရဲ့ ဒုံးကျည်စက်ရုံတွေကို မြေလှန် ဖျက်ဆီးပြီး ရေတပ်ကိုပါ အမြစ်ပြတ် ချေမှုန်းဖို့ အမိန့်ပေးထားတယ်လို့ ဆိုပါတယ်။ သမ္မတ ထရမ့်ပ်က မိန့်ခွန်းပြောကြားခဲ့တဲ့ နေရာကိုတော့ မဖော်ပြထားပါဘူး။
အီရန်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ နျူကလီးယားရည်မှန်းချက်တွေကို ဟန့်တားဖို့ အခုလို စစ်ဆင်ရေးကို အရှိန်မြှင့် လုပ်ဆောင်ရတာလို့လည်း ပြောပါတယ်။
ထရမ့်ပ်က “အီရန်အစိုးရရဲ့ ခြိမ်းခြောက်မှုတွေဟာ အမေရိကန်ပြည်ထောင်စု၊ အမေရိကန် စစ်သားတွေ၊ နိုင်ငံရပ်ခြားအခြေစိုက်စခန်းတွေနဲ့ မဟာမိတ်တွေကို တိုက်ရိုက်အန္တရာယ် ဖြစ်စေတယ်။ လွန်ခဲ့တဲ့ ၄၇ နှစ်လုံးလုံး အီရန်ဟာ ‘အမေရိကန် သေပါစေ’ လို့ ကြွေးကြော်ခဲ့ပြီး သွေးထွက်သံယိုမှုတွေနဲ့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ လုပ်ဆောင်ခဲ့တယ်” လို့ မိန့်ခွန်းမှာ ပြောဆိုပါတယ်။
ဒါ့အပြင် “အီရန်ဟာ ၁၉၈၃ ခုနှစ် ဘေရွတ် ဗုံးခွဲမှုကနေ ၂၀၀၀ ပြည့်နှစ် USS Cole တိုက်ခိုက်မှု အထိ၊ နောက်ပြီး အီရတ်မှာရှိတဲ့ အမေရိကန်စစ်သား ရာပေါင်းများစွာကို သတ်ဖြတ်ဒဏ်ရာရစေတဲ့ လုပ်ရပ်တွေ လုပ်ခဲ့တယ်။ အီရန်ရဲ့ လက်ပါးစေဖြစ်တဲ့ ဟားမတ်စ်အဖွဲ့ကလည်း အစ္စရေးအပေါ် အောက်တိုဘာ ၇ ရက်က တိုက်ခိုက်ခဲ့ပြီး အမေရိကန် ၄၆ ယောက်အပါအဝင် လူပေါင်း ၁,၀၀၀ ကျော် သေဆုံးခဲ့တယ်” လို့လည်း ထည့်သွင်း ပြောကြားပါတယ်။
အီရန်အစိုးရအနေနဲ့ နျူကလီးယားလက်နက်ကို ဘယ်တော့မှ မပိုင်ဆိုင်စေရဘူးဆိုတာ သူ့အစိုးရရဲ့ မူဝါဒဖြစ်တယ်လို့ ထရမ့်ပ်က ဆိုပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့ ဇွန်လက ပြုလုပ်ခဲ့တဲ့ “Operation Midnight Hammer” စစ်ဆင်ရေးအတွင်း အီရန်ရဲ့ နျူကလီးယားအစီအစဉ်တွေကို အဓိကထား ဖျက်ဆီးခဲ့တယ်လို့လည်း ပြောပါတယ်။
ထရမ့်ပ်က “အီရန်ဟာ နျူကလီးယားရည်မှန်းချက်တွေကို စွန့်လွှတ်ဖို့ အခွင့်အရေးတွေကို ငြင်းပယ်ခဲ့ပြီး စီမံကိန်းကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေသလို ဥရောပနဲ့ အမေရိကန် မြေပြင် အထိ ရောက်ရှိနိုင်တဲ့ တာဝေးပစ်ဒုံးကျည်တွေကို ဆက်လက်ထုတ်လုပ်နေတယ်။ ဒါကြောင့် အမေရိကန်စစ်တပ်ဟာ ဒုံးကျည်တွေကို ဖျက်ဆီးပြီး ဒုံးကျည်စက်ရုံတွေကို မြေလှန်ပစ်မယ်၊ အီရန်ရေတပ်ကို အမြစ်ပြတ် ချေမှုန်းမယ်၊ ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် လုပ်နေတဲ့ အကြမ်းဖက်အဖွဲ့တွေကိုလည်း အမြစ်ဖြတ်မယ်” လို့ ပြောပါတယ်။
လက်ရှိအချိန်မှာ အမေရိကန်ဟာ အီရန်ရဲ့ ခြိမ်းခြောက်မှုတွေကို ဖယ်ရှားဖို့ အကြီးစား စစ်ဆင်ရေး တွေ ဆင်နွှဲနေပြီလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုနဲ့အတူ အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနကလည်း အီရန်အပေါ် ကြိုတင်ကာကွယ်ရေး တိုက်ခိုက်ခဲ့ပြီးနောက် တနိုင်ငံလုံးကို အရေးပေါ်အခြေအနေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
Source:Reuters


