Home
နိုင်ငံတကာ
အီရန်အရေး ကုလလုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေး ကျင်းပ၊ တိုက်ခိုက်မှု ချက်ချင်း ရပ်ရန် ရုရှား တောင်းဆို
DVB
·
March 1, 2026

အမေရိကန်နဲ့ အစ္စရေးတို့အနေနဲ့ အီရန်အပေါ် တိုက်ခိုက်နေတာတွေကို ချက်ချင်းရပ်ဖို့ ရုရှားအစိုးရက ဖေဖော်ဝါရီ ၂၈ ရက်မှာ ကျင်းပတဲ့  ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးမှာ တိုက်တွန်းလိုက်ပါတယ်။

အခြေအနေက နိုင်ငံရေးနဲ့ သံတမန်ရေးအရ ဖြေရှင်းချက်လမ်းကြောင်းဆီ ပြန်ရောက်ရမယ်လို့လည်း ပြောလိုက်ပါတယ်။

နိုင်ငံတကာအသိုက်အဝန်းက ဒေသတွင်း မတည်မငြိမ်ဖြစ်စေနိုင်တဲ့ တာဝန်မဲ့လုပ်ရပ်တွေအပေါ် အကဲဖြတ်ချက်တရပ်ကို အမြန်ဆုံး ထုတ်ပြန်သင့်တယ်လို့လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

နိုင်ငံတကာဥပဒေ၊ အပြန်အလှန်လေးစားမှုနဲ့ အကျိုးစီးပွားချိန်ခွင်လျှာညှိမှုတို့အပေါ် အခြေခံပြီး ငြိမ်းချမ်းတဲ့ ဖြေရှင်းရေး နည်းလမ်းတွေကို ရှာရာမှာ ကူညီဖို့ ရုရှားက အရင်ကလိုပဲ အသင့်ရှိနေတယ်လို့ ထပ်ပြောပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာ့ဗ်ရော့ဗ်ဟာ စနေနေ့မှာ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရာချီနဲ့ ဖုန်းပြောဆွေးနွေးခဲ့တယ်လို့လည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့က အီရန်အပေါ် “အကြောင်းမဲ့ လက်နက်ကိုင်တိုက်ခိုက်မှု” အဖြစ် ဝန်ကြီးဌာနက ဖော်ပြခဲ့တဲ့ လုပ်ရပ်ကို လာ့ဗ်ရော့ဗ်က  ရှုတ်ချခဲ့ပြီး တိုက်ခိုက်နေတာတွေကို ချက်ချင်းရပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

အမေရိကန်နဲ့ အစ္စရေးအစိုးရတို့ရဲ့ လုပ်ရပ်တွေဟာ အချုပ်အခြာအာဏာပိုင်နဲ့ လွတ်လပ်တဲ့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတနိုင်ငံကို လက်နက်ကိုင် ရန်လိုမှု လုပ်ရပ်တခုသာဖြစ်ပြီး အဖွဲ့အစည်းရဲ့ ပဋိညာဉ်စာတမ်းနဲ့ နိုင်ငံတကာဥပဒေရဲ့ အခြေခံမူတွေကို ချိုးဖောက်တာလို့ ကုလသမဂ္ဂဆိုင်ရာ ရုရှား သံအမတ်ကြီး ဗာဆေးလီ နေဗျန်ဇီယာက  ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အရေးပေါ်အစည်းအဝေးမှာ  စနေနေ့က ပြောပါတယ်။ 

အရေးပေါ်အစည်းအဝေးကို ပြင်သစ်၊ ဘာရိန်း၊ တရုတ်၊ ရုရှားနဲ့ ကိုလံဘီယာတို့ရဲ့ အမြဲတမ်းသံရုံးတွေက တောင်းဆိုခေါ်ယူ ခဲ့တာပါ။

ဒါပေမဲ့ ရုရှားနဲ့ တရုတ်တို့က “နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်မှုတွေ အောက်မှာ အစည်းအဝေးကျင်းပဖို့ လက်ရှိလုံခြုံရေးကောင်စီဥက္ကဋ္ဌဖြစ်တဲ့ ဗြိတိန်ကို တောင်းဆိုခဲ့တယ်”လို့ နေဗျန်ဇီယာက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013