
အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်အစိုးရကို ဖြုတ်ချဖို့ ရည်ရွယ်ချက်နဲ့ ဖေဖော်ဝါရီ ၂၈ ရက်မှာ အီရန်မြို့တော် တီရန်ကို အဓိကထား စတင်တိုက်ခိုက်ခဲ့တာမှာ ဘာသာရေးခေါင်းဆောင် အယာတိုလာအလီခါမေနီ အပြင် အီရန်ရဲ့ ထိပ်တန်း စစ်တပ်နဲ့ ထောက်လှမ်းရေး အကြီးအကဲတွေပါ သေဆုံးသွားပါတယ်။
အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ပ်က အမေရိကန် ဦးဆောင်တဲ့ စစ်ဆင်ရေးဟာ အီရန်ရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကို ဖယ်ရှားပစ်ဖို့၊ အီရန်ရေတပ်ကို ဖျက်ဆီးဖို့နဲ့ ခေါင်းဆောင်မှုကို ပြောင်းဖို့ ရည်ရွယ်တယ်လို့ ပြောခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုတွေကို ကြေညာတဲ့ ဗီဒီယိုထဲမှာ ထရမ့်ပ်က အီရန်နိုင်ငံဟာ ခင်ဗျားတို့အတွက်သာ ဖြစ်လိမ့်မယ်လို့ အီရန်ပြည်သူတွေကို မိန့်ခွန်းပြောကြားခဲ့ပြီး ဒါဟာ မျိုးဆက်တွေအတွက် တခုတည်းသော အခွင့်အရေးဖြစ်လိမ့်မယ်လို့လည်း ထရမ့်ပ်က ပြောပါတယ်။
အီရန်ဘက်ကလည်း ကာတာ၊ ယူအေအီး၊ ကူဝိတ်၊ ဘာရိန်း၊ ဂျော်ဒန်၊ ဆော်ဒီအာရေဗျနဲ့ အီရတ် အပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံ အများအပြားက အစ္စရေးနဲ့ အမေရိကန်တို့ရဲ့ စစ်ဘက်ဆိုင်ရာ ပိုင်ဆိုင်မှုတွေကို ပစ်မှတ်ထား လက်စားချေခဲ့ပါတယ်။
အီရန်မြို့တော် တီရန်မှာ ပေါက်ကွဲသံအများကြီး ကြားခဲ့ရပြီး နိုင်ငံတဝန်းက တခြားနေရာ အများအပြားမှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ သတင်းဌာနတွေက ထုတ်ပြန်ပါတယ်။
အပြန်အလှန် တိုက်ခိုက်မှုတွေကြားမှာ ဒေသတွင်း နိုင်ငံအများအပြားက သူတို့ရဲ့လေပိုင်နက်တွေကို ပိတ်ထားခဲ့ပါတယ်။
အစ္စရေးရဲ့ တိုက်ခိုက်မှုတွေအတွင်း ဘာသာရေးခေါင်းဆောင် အယာတိုလာအလီခါမေနီ အပြင် ကာကွယ်ရေးဝန်ကြီး ဗိုလ်မှူးချုပ်အဇစ်နာဇီယာဇာဒက်၊ အီရန်တော်လှန်ရေးအစောင့်တပ်မှူး ဗိုလ်ချုပ်ကြီး မိုဟာမက်ပက်ပေါ တို့ပါ သေဆုံးခဲ့တယ်လို့ ယုံကြည်ရတဲ့အကြောင်း အစ္စရေးနဲ့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒါအပြင် ခါမေနီရဲ့ ကာကွယ်ရေးဆိုင်ရာအကြံပေး အလီရှန်ကာနီ၊ ခါမေနီရဲ့ စစ်ရေးဗျူဟာ အကြီးအကဲ မိုဟာမက်ရှာရာဇီ၊ ထောက်လှမ်းရေးအကြီးအကဲ ဆာလက်အဆာဒီနဲ့ ပါလက်စတိုင်း Quds တပ်ဖွဲ့အကြီးအကဲ ဆာအစ်အအစ်ဇာဒီတို့ သေဆုံးသွားတယ်လို့ အစ္စရေးအရာရှိတွေက ခန့်မှန်းထားပါတယ်။
စနေနေ့မနက်မှာ တိုက်ခိုက်ခံရတဲ့ ပစ်မှတ်တွေထဲမှာ အီရန်ခေါင်းဆောင် အလီခါမေနီရဲ့ လုံးဝပျက်စီးသွားတဲ့ တီရန်နန်းတော်အပြင် နိုင်ငံတဝန်း တခြားစစ်ဘက်နဲ့ အစိုးရပစ်မှတ်တွေ အများကြီး ပါခဲ့ပါတယ်။
ခါမေနီ၊ သမ္မတ မာဆွတ်ပီဇက်ရှ်ကီယန်၊ အစိုးရနဲ့ စစ်ဘက်ဆိုင်ရာ ထိပ်တန်းအရာရှိတွေကို ပစ်မှတ်ထားခဲ့တယ်လို့ အစ္စရေး အရာရှိတယောက်က ပြောပါတယ်။
စစ်ဆင်ရေးမှာ ပစ်မှတ်တွေအတွင်း အီရန်စစ်တပ်၊ အစိုးရရဲ့ အထင်ကရပုဂ္ဂိုလ်တွေနဲ့ ထောက်လှမ်းရေးပစ်မှတ်တွေလည်း ပါတယ်လို့ စစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ အမည်မဖော်လိုသူ အရာရှိတယောက်က ပြောပါတယ်။
တိုက်ခိုက်မှုတွေအတွင်း အီရန် အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်က အကြီးတန်းတပ်မှူးတွေနဲ့ နိုင်ငံရေးအရာရှိတွေ အများကြီး သေဆုံးခဲ့တယ်လို့ အဖွဲ့အစည်းနဲ့ နီးစပ်တဲ့ အီရန်သတင်းရင်းမြစ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။


