
အီရန်ရဲ့ ဘာသာရေးအခြေခံ အုပ်ချုပ်ရေးစနစ် ဘယ်လောက်ခံမလဲဆိုတာ အခုတလော လူပြောများနေပါတယ်။ ဒီကိစ္စကနေတဆင့် အာဏာရှင်စနစ်တွေနဲ့ ပတ်သက်ပြီး စဉ်းစားစရာတွေ ဖြစ်လာပါတယ်။ ပြည်သူတွေရဲ့ဆန္ဒကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်နေတဲ့ အစိုးရတွေ ဘယ်လိုလုပ်ပြီး ဆက်လက်ရပ်တည်နေနိုင်သလဲဆိုတာပေါ့။
ပြီးခဲ့တဲ့ ဇန်နဝါရီလက The Atlantic မဂ္ဂဇင်းမှာ ဆောင်းပါးတပုဒ် ပါခဲ့ပါတယ်။ ဆောင်းပါးရှင် ကာရင်ဆက်ဂျက်ပူးနဲ့ ဂျက်ဂိုးစတုန်းတို့က တော်လှန်ရေးတခု အောင်မြင်ဖို့ လိုအပ်တဲ့ အချက် ၅ ချက်ကို တင်ပြထားပါတယ်။ အဲဒါတွေကတော့ (၁) ဘဏ္ဍာရေးအကျပ်အတည်း၊ (၂) ထိပ်သီးလွှာတွေကြား သဘောထားကွဲလွဲမှု၊ (၃) မတူကွဲပြားတဲ့ အတိုက်အခံ မဟာမိတ်အဖွဲ့၊ (၄) ခိုင်မာယုံကြည်ရတဲ့ တော်လှန်ရေး ဇာတ်ကြောင်းနဲ့ (၅) အထောက်အကူပြုတဲ့ နိုင်ငံတကာ အခြေအနေတို့ပဲ ဖြစ်ပါတယ်။
ကျနော့်အမြင်အရတော့ သူတို့ပြောတာ သဘာဝကျပါတယ်။ ဒါနဲ့ပဲ ဒီအချက်တွေနဲ့ မြန်မာနိုင်ငံအခြေအနေကို ချိန်ထိုးစဉ်းစားကြည့်မိပါတယ်။ ရက်စက်သလို အရည်အချင်းလည်း မရှိတဲ့ စစ်ကောင်စီလက်အောက်မှာ မြန်မာနိုင်ငံအခြေအနေက ဘယ်လိုရှိနေလဲ။ ဒီအချက် (၅) ချက်က တော်လှန်ရေးအောင်မြင်ဖို့ မျှော်လင့်ချက် ပေးနိုင်သလား။
ကျနော့်အဖြေကတော့ မြန်မာပြည်သူတွေရဲ့ တော်လှန်ရေးဟာ အောင်မြင်လိမ့်မယ်ဆိုတာပါပဲ။ စစ်ကောင်စီကတော့ အာဏာတည်မြဲဖို့ ကြိုးစားနေဆဲပါ။ ဒါပေမဲ့ အဆုံးအဖြတ်ပေးမယ့်အရာက နောက်ဆုံးအချက် (၅) ဖြစ်နိုင်ပါတယ်။
ဘဏ္ဍာရေး အကျပ်အတည်း
မြန်မာစစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းကတည်းက ဘဏ္ဍာရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာပါ။ အခွန်စနစ်က ပြိုလဲနေပါပြီ။ ငွေတိုက်စာချုပ်ဈေးကွက်ကလည်း အလုပ်မဖြစ်တော့ပါဘူး။ နိုင်ငံပိုင်လုပ်ငန်းတွေကလည်း အရှုံးပေါ်နေပါတယ်။ ဒါကြောင့် စစ်ကောင်စီရဲ့ ဝင်ငွေအခြေအနေက တော်တော်လေး ဆိုးရွားနေပါတယ်။
တရုတ်ဆီက ချေးငွေအသစ်တွေကြောင့် နိုင်ငံတော်အကြွေး ပိုတိုးလာပါတယ်။ သူတို့ရပ်တည်နိုင်ဖို့ အဓိကလုပ်နေတာကတော့ ဗဟိုဘဏ်ကနေ ငွေစက္ကူတွေ ရိုက်ထုတ်နေတာပါပဲ။ ဒါက ငွေကြေးဖောင်းပွမှုကို ပိုဆိုးစေပါတယ်။ အသုံးစရိတ်ဘက်မှာလည်း ချွေတာတာမျိုး မရှိပါဘူး။ လက်နက်ခဲယမ်းတွေအတွက် ပိုက်ဆံတွေကို ဖောဖောသီသီ သုံးနေပါတယ်။
ပြီးခဲ့တဲ့ (၅) နှစ်အတွင်း ကျန်းမာရေး၊ ပညာရေးနဲ့ အခြေခံအဆောက်အအုံ အသုံးစရိတ်တွေကို အများကြီး လျှော့ချခဲ့ပါတယ်။ ဒါပေမဲ့ ဘတ်ဂျက်လိုငွေပြမှုကိုတော့ မတားဆီးနိုင်ခဲ့ပါဘူး။ အခုဆိုရင် လိုငွေပြမှုက စံချိန်တင်နေပါပြီ။ ဘဏ္ဍာရေးအခြေအနေအရကြည့်ရင်တော့ စစ်ကောင်စီ ပြုတ်ကျဖို့ သေချာသလောက်ပါပဲ။
ထိပ်သီးအလွှာတွေကြား သဘောထားကွဲလွဲမှု
မြန်မာနိုင်ငံက ခရိုနီသူဌေးတွေနဲ့ အဆင့်မြင့်အရာရှိတွေဟာ လူရှေ့သူ ရှေ့မှာတော့ စစ်ကောင်စီနဲ့ပတ်သက်ပြီး သိပ်မပြောကြပါဘူး။ ဒါပေမဲ့ ကွယ်ရာမှာတော့ ကြောက်စိတ်နဲ့ အခွင့်အရေးယူချင်စိတ်တွေကြောင့် စစ်ကောင်စီရဲ့ အခြေအနေကို ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။ သူတို့က စစ်ကောင်စီအတွက် အဆင်ပြေမှပေါင်းတဲ့ မိတ်ဆွေတွေပါ။ အတိုက်အခံတွေအတွက်လည်း ယုံကြည်ရတဲ့ မဟာမိတ်တွေ မဟုတ်ပါဘူး။
သူတို့က အစိုးရပြုတ်ကျဖို့ တွန်းအားတခုတော့ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ တော်လှန်ရေးဘက်က သေချာပေါက် အသာစီးရနေပြီဆိုမှသာ ပါလာမဲ့သူတွေပါ။ အချုပ်ပြောရရင်တော့ ထိပ်သီးအလွှာတွေရဲ့ သဘောထားကွဲလွဲမှုက တော်လှန်ရေးအတွက် အထောက်အကူပြုပါတယ်။ ဒါပေမဲ့ ဝေဝေဝါးဝါး မပြတ်မသားရှိနေတုန်းပါပဲ။
မတူကွဲပြားတဲ့ အတိုက်အခံ မဟာမိတ်အဖွဲ့
မြန်မာစစ်ကောင်စီကို ဆန့်ကျင်တဲ့အထဲမှာ ဗမာလူမျိုးတွေသာမက ဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးစု အများစုလည်း ပါဝင်ပါတယ်။ သဘောထားကွဲလွဲမှုလေးတွေတော့ ရှိနေဆဲပါ။ ဒါပေမဲ့ ခြွင်းချက်တချို့ကလွဲရင် ဒီအဖွဲ့တွေအားလုံး ညီညွတ်မှသာ စစ်ကောင်စီကို အနိုင်ရမယ်ဆိုတာ နားလည်ထားကြပါတယ်။
ပြီးတော့ အရပ်သားခေါင်းဆောင်ဟောင်း ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေကလည်း အရေးပါတဲ့ အပြောင်းအလဲတခု ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အတိုက်အခံတွေရဲ့ စုံလင်ကွဲပြားမှုနဲ့ အင်အားက စစ်ကောင်စီကို ပြုတ်ကျစေမဲ့ အားကောင်းတဲ့ အချက်တခု ဖြစ်ပါတယ်။
ခိုင်မာယုံကြည်ရတဲ့ တော်လှန်ရေး ဇာတ်ကြောင်း
မြန်မာစစ်တပ်က သူတို့ကသာ နိုင်ငံကို တည်တံ့အောင် ထိန်းထားနိုင်တယ်လို့ အမြဲပြောလေ့ရှိပါတယ်။ အစဉ်အလာအရဆိုရင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရအောင် သူတို့ ကြိုးပမ်းခဲ့တယ်ဆိုတဲ့ သမိုင်းကြောင်းတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ အဲဒီပုံပြင်တွေကို သူတို့ကိုယ်တိုင် စွန့်လွှတ်လိုက်ပုံရပါတယ်။
ပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ၊ ရက်စက်ယုတ်မာမှုတွေကြောင့် သူတို့ရဲ့ ပုံရိပ်က လုံးဝပျက်စီးသွားပါပြီ။ မြန်မာပြည်သူတွေရဲ့ လွတ်မြောက်ရေးကြိုးပမ်းမှုကတော့ လက်တွေ့ကျပြီး လူတိုင်းက ယုံကြည်လက်ခံထားပါတယ်။ ဒါကြောင့် ဒီတော်လှန်ရေး ဇာတ်ကြောင်းက အပြောင်းအလဲဖြစ်ဖို့အတွက် အလွန်အားကောင်းတဲ့ အချက်တခု ဖြစ်နေပါတယ်။
အထောက်အကူပြုတဲ့ နိုင်ငံတကာ အခြေအနေ
ကမ္ဘာ့နိုင်ငံအများစုက မြန်မာစစ်ကောင်စီကို ရွံရှာကြပါတယ်။ ဒါပေမဲ့ ရုရှား၊ ဘယ်လာရုစ်၊ အီရန်၊ မြောက်ကိုရီးယားနဲ့ အထူးသဖြင့် တရုတ်နိုင်ငံတို့ကတော့ ထောက်ခံနေဆဲပါ။ မကြာသေးမီက ကျင်းပခဲ့တဲ့ အတုအယောင် ရွေးကောက်ပွဲနောက်ကွယ်မှာလည်း တရုတ်က ရှိနေပါတယ်။ ဒီရွေးကောက်ပွဲက စစ်ကောင်စီကို တရားဝင်မှုရရှိအောင် ဟန်ပြလုပ်ပေးခဲ့တာပါ။ လတ်တလောမှာ တရုတ်ရဲ့အကူအညီတွေက စစ်ကောင်စီအတွက် အသက်ရှူပေါက် ဖြစ်နေပါတယ်။
ဒီအကူအညီတွေထဲမှာ လက်နက်ခဲယမ်းတွေ၊ ချေးငွေတွေနဲ့ အနာဂတ် အကြီးစား အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ကတိတွေ ပါဝင်ပါတယ်။ ဒီအထဲမှာ အရင် အရပ်သားအစိုးရက ငြင်းပယ်ခဲ့တဲ့ "ရပ်ဝန်းနှင့် ပိုးလမ်းမ" (BRI) စီမံကိန်းတွေလည်း ပါပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ ဆုံးရှုံးပြီး တရုတ်ရဲ့ လက်အောက်ခံနိုင်ငံ ဖြစ်သွားမလားဆိုတဲ့ သံသယတွေ ကြီးထွားလာပါတယ်။ တရုတ်က စစ်ကောင်စီကို ထောက်ခံနေတာဟာ လတ်တလောမှာ တော်လှန်ရေးကို တားဆီးရာရောက်ပေမဲ့၊ ရေရှည်မှာတော့ တော်လှန်ရေးအရှိန်ကို ပိုပြီး ပြင်းထန်လာစေပါတယ်။
အနောက်နိုင်ငံတွေနဲ့ အာဆီယံကကော ဘယ်လိုနေလဲ။ အာဆီယံကတော့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲနေပါတယ်။ ထိရောက်မှုလည်း မရှိပါဘူး။ အနောက်နိုင်ငံတွေကလည်း တခြားကမ္ဘာ့ပြဿနာတွေကြောင့် အာရုံလွဲနေပါတယ်။ အမေရိကန်ရဲ့ အစဉ်အလာ ခေါင်းဆောင်မှုကလည်း ပျောက်ဆုံးနေပါတယ်။ ဩစတြေးလျကတော့ မြန်မာပြည်သူတွေအတွက် မှန်ကန်တဲ့ရပ်တည်ချက် ရှိပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ပံ့ပိုးမှုက တော်လှန်ရေးအပြောင်းအလဲအတွက် အဓိကအချက်တော့ မဟုတ်ပါဘူး။
ဒါဆိုရင် ကျနော်တို့ ဘယ်အခြေအနေ ရောက်နေပြီလဲ။ ကာရင် ဆက်ဂျက်ပူးနဲ့ ဂျက်ဂိုးစတုန်း တို့ပြောတဲ့ တော်လှန်ရေးအောင်မြင်ဖို့ အချက်အများစုက မြန်မာနိုင်ငံမှာ ပြည့်စုံနေပါပြီ။ တချို့အချက်တွေကတော့ နည်းနည်း လိုနေဆဲဖြစ်ပြီး မသေချာမှုတွေလည်း အများကြီး ရှိနေပါသေးတယ်။
တရုတ်ရဲ့ ထောက်ခံမှုက ရေရှည်မှာ ဆိုးကျိုးတွေရှိနိုင်ပါတယ်။ ဒါပေမဲ့ လတ်တလောမှာတော့ အားနည်းပြီး နာမည်ပျက်နေတဲ့ စစ်ကောင်စီကို ဆက်လက်ရပ်တည်နိုင်အောင် ထိန်းထားပေးနေပါတယ်။ အခုအချိန်ဟာ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ဒီကိစ္စကို ပြတ်ပြတ်သားသား ထောက်ပြရမယ့် အချိန်ရောက်နေပါပြီ။ မြန်မာပြည်သူတွေကို သူတို့ရဲ့ အနာဂတ်ကို သူတို့ကိုယ်တိုင် ဖန်တီးခွင့် ပေးရမယ့် အချိန်ပါပဲ။
ရှောင်တာနယ်လ်
Ref: Lowy Institute


