
အမေရိကန်နဲ့ အစ္စရေးတို့က အီရန်အပေါ် တိုက်ခိုက်ခဲ့ပြီး အီရန်ရဲ့ ဒုံးကျည်နဲ့ ပစ်ခတ် လက်စားချေမှုတွေက ဒေသတွင်း လေပိုင်နက်တွေအပေါ် ရိုက်ခတ်ခဲ့လို့ နှစ်ပေါင်းများစွာအတွင်း ကမ္ဘာ့လေကြောင်းပျံသန်းမှုအတွက် အပြင်းထန်ဆုံး အနှောင့်အယှက်တွေ ဖြစ်ခဲ့ပါတယ်။
ဒါကြောင့် ကမ္ဘာ့အလုပ်အများဆုံး နိုင်ငံတကာခရီးသွားဗဟိုချက်ဖြစ်တဲ့ ဒူဘိုင်း အပါအဝင် အရှေ့အလယ်ပိုင်းဒေသက အဓိကလေဆိပ်တွေကို ဖေဖော်ဝါရီ ၂၈ ရက်ကစပြီး ပိတ်လိုက်ရပါတယ်။
တရက်ကို လေယာဉ်ခရီးစဉ် ၁,၀၀၀ ကျော်ကို ကိုင်တွယ်တဲ့ ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ အာရပ်ပင်လယ်ကွေ့နိုင်ငံတွေရဲ့ နေရာတွေကို အီရန်ရဲ့ လက်စားချေတိုက်ခိုက်မှုကြောင့် ညတွင်းချင်း ပျက်စီးခဲ့ရပြီး လူ ၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။
အဘူဒါဘီနဲ့ ကူဝိတ်အပြည်ပြည်ဆိုင်ရာလေဆိပ်တွေလည်း ထိခိုက်ခဲ့ပါတယ်။ ဒူဘိုင်း၊ ဒိုဟာနဲ့ အဘူဒါဘီအပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံတွေက အဓိက ဒေသတွင်း ဝင်ပေါက်တွေကို တိုက်ခိုက်တဲ့ အီရန်ရဲ့ လက်စားချေမှုတွေအပြီးမှာ လေပိုင်နက်တွေကို ပိတ်ထားလိုက်တာပါ။
လေယာဉ်ခရီးစဉ်မြေပုံတွေမှာ အီရန်၊ အီရတ်၊ ကူဝိတ်၊ အစ္စရေးနဲ့ ဘာရိန်းနိုင်ငံတွေရဲ့ ကောင်းကင်ယံမှာ လေယာဉ်တွေ ကင်းမဲ့နေပါတယ်။
အာရှ၊ ဥရောပနဲ့ အရှေ့အလယ်ပိုင်းက လေကြောင်းလိုင်းတွေလည်း ခရီးစဉ် အမြောက်အမြားကို ဖျက်သိမ်းတယ်လို့ ကြေညာခဲ့ပါတယ်။
ဒူဘိုင်းနဲ့ အိမ်နီးချင်း ဒိုဟာတို့ဟာ အရှေ့အနောက် လေကြောင်းခရီးသွားလာရေးရဲ့ လမ်းဆုံမှာ ရှိနေပြီး ဥရောပနဲ့ အာရှအကြား အချိန်ဇယား တင်းတင်းကျပ်ကျပ် ချိတ်ဆက်ထားတဲ့ လေယာဉ်ခရီးစဉ်ကွန်ရက်ကတဆင့် အဝေးပြေးလမ်းကြောင်းတွေကို ပို့ဆောင်ပေးနေတာပါ။
ဒီလေဆိပ်တွေကို အကြာကြီး ပိတ်ထားရင် ဒေသတွင်းကို ကျော်လွန်ပြီး ကမ္ဘာတဝန်း လေကြောင်းလိုင်းတွေ လမ်းကြောင်းပြောင်းဖို့ ဒါမှမဟုတ် ဖျက်သိမ်းဖို့ ဖိအားပေးခံနေရမှာ ဖြစ်ပါတယ်။


