Home
မြန်မာသတင်း
အရှေ့အလယ်ပိုင်းဒေသ တိုက်ပွဲများဖြစ်နေချိန် စက်သုံးဆီဈေး ပြန်တက်လာ
DVB
·
March 1, 2026

ပြီးခဲ့တဲ့လက အကျဈေးထဲမှာ ရှိခဲ့တဲ့ စက်သုံးဆီဈေးတွေဟာ အခုတလော အရှေ့အလယ်ပိုင်းဒေသ တိုက်ပွဲတွေနဲ့  ကမ္ဘာ့နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ပြန်ပြီး တောက်လျှောက် မြင့်တက်လာနေပါတယ်။

လက်ရှိဈေးနှုန်းတွေကို ကြည့်မယ်ဆိုရင် အောက်တိန်း ၉၂  တလီတာကို ၂၄၁၅ ကျပ်၊ အောက်တိန်း ၉၅ က တလီတာ ၂၄၈၀ ကျပ်၊ ဒီဇယ် တလီတာကို ၂၅၆၅ ကျပ်၊ ပရီမီယံ ဒီဇယ်  တလီတာကို ၂၈၄၅ ကျပ် ရှိပြီး ပြီးခဲ့တဲ့ သီတင်းပတ်နဲ့ နှိုင်းယှဉ်ကြည့်ရင် တလီတာကို ၁၀၀ ကျပ်နီးပါး တက်လာတာ ဖြစ်ပါတယ်။

ဇန်နဝါရီ တတိယပတ်အတွင်းမှာတော့ အောက်တိန်း ၉၂ က ၂၂၉၀ ကျပ်ထိ ကျခဲ့ပြီး၊ ဒီဇယ်က ၂၁၆၅ ကျပ်ထိ အကျ ရှိခဲ့ပါတယ်။

ဒါပေမဲ့ ဇန်နဝါရီ နောက်ဆုံးပတ်ကစပြီး ဆက်တိုက် ပြန်တက်လာတာကြောင့် တလကျော်အတွင်း တလီတာကို ၁၂၅ ကျပ်ကနေ ၄၀၀ ကျပ်အထိ မြင့်တက်လာတာ တွေ့ရပါတယ်။

ကမ္ဘာ့ရေနံစိမ်းဈေးဟာလည်း တစည်ကို အမေရိကန်ဒေါ်လာ ၇၃ ဒေါ်လာဝန်းကျင်အထိ ရောက်လာနေပါတယ်။ 

လက်ရှိ ဈေးတက်ရတဲ့ အဓိကအကြောင်းရင်းကတော့ အရှေ့အလယ်ပိုင်းဒေသတွင်း ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ စစ်ရေး မတည်ငြိမ်မှုတွေကြောင့် ဖြစ်ပါတယ်။

ဈေးကွက် လေ့လာသူတွေကတော့ တစည်ကို ဒေါ်လာ ၈၀ အထိတောင် မြင့်တက်နိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

တဖက်မှာလည်း မတ် ၁ ရက် ကျင်းပမဲ့ ရေနံတင်ပို့တဲ့နိုင်ငံများအဖွဲ့ (OPEC) အစည်းအဝေးမှာ ရေနံထုတ်လုပ်မှု လျှော့ချထားတာကို ဆက်ထိန်းမလား၊ ဒါမှမဟုတ် ထုတ်လုပ်မှု တိုးမြှင့်မလား ဆိုတာကို ဈေးကွက်က စောင့်ကြည့်နေပါတယ်။

ထုတ်လုပ်မှု တိုးမြှင့်မယ်ဆိုရင် စက်သုံးဆီဈေး ကျဆင်းနိုင်ပြီး၊ ထုတ်လုပ်မှု လျှော့ချထားတာကို ဆက်ထိန်းမယ်ဆိုရင်တော့ ဈေးဆက်တက်လာနိုင်တယ်လို့ ဈေးကွက် စောင့်ကြည့်သူတွေက ခန့်မှန်းထားကြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013