
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က နောက်ဆုံးပေါ် နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောကို အီရန်ဆီ စေလွှတ်မယ်လို့ တရားဝင်ကြေညာခဲ့အပြီး USS Gerald R. Ford အမည်ရှိ လေယာဉ်တင်သင်္ဘောတစင်းကို ဗာဂျင်ကျွန်းစုရဲ့ ကမ်းလွန်ရေပြင်မှာ ဖေဖော်ဝါရီ ၁၃ ရက်က ဂြိုဟ်တုကနေ မြင်တွေ့ရပါတယ်။
အီရန်နဲ့ နျူကလီးယားဆွေးနွေးပွဲတွေ ပျက်ပြားသွားနိုင်ခြေအတွက် ပြင်ဆင်တဲ့အနေနဲ့ ပြုလုပ်တဲ့ ဒီအစီအမံက အမေရိကန်ပြည်ထောင်စုဟာ အီရန်အပေါ် စစ်ရေးဖိအားတွေကို အမြင့်ဆုံးအဆင့် အထိ တိုးမြှင့်နေတာကို ညွှန်ပြနေပါတယ်။
သမ္မတထရမ့်ပ်က မြောက်ကယ်ရိုလိုင်းနားက စစ်စခန်းတခုဖြစ်တဲ့ ဖော့တ်ဘရာ့ဂ်ဆီသွားဖို့ အိမ်ဖြူတော်ကနေ မထွက်မီ သတင်းထောက်တွေကို တွေ့ရာမှာ “လေယာဉ်တင် သင်္ဘောတစင်း မကြာမီ အီရန်ဆီ သွားတော့မယ်” လို့ ပြောခဲ့ပါတယ်။
သင်္ဘောနာမည်ကို သူက တိတိကျကျ မဖော်ပြပေမဲ့ ဝါရှင်တန်ပို့စ် သတင်းစာကတော့ ကာရစ်ဘီယံမှာ ရှိနေတဲ့ USS Gerald R. Ford ဟာ အရှေ့အလယ်ပိုင်းဆီ ဦးတည်ဖို့ အမိန့်တွေရထားပြီး ရက်အနည်းငယ်အတွင်း အတ္တလန္တိတ်ကို ဖြတ်ကျော်ဖို့ မျှော်လင့်ရတယ်လို့ ရေးသားဖော်ပြပါတယ်။
USS Gerald R. Ford ဟာ အမေရိကန်ရေတပ်ရဲ့ အကြီးဆုံး မဟာဗျူဟာမြောက် ပိုင်ဆိုင်မှုတွေထဲက တခုဖြစ်ပြီး ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ်မာဒူရိုရဲ့ အစိုးရအပေါ် ဖိအားတွေ မြင့်လာချိန်မှာ ကာရစ်ဘီယံဆီ အမြန်စေလွှတ်ခံခဲ့ရတဲ့ လေယာဉ်တင်သင်္ဘောလည်း ဖြစ်ပါတယ်။
မာဒူရိုကို ဖမ်းဖို့ အမေရိကန် အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးထဲမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေတဲ့ သတင်းတွေ နောက်ပိုင်းမှာမှ ထွက်ပေါ်ခဲ့တာပါ။
ဒီလေယာဉ်တင်သင်္ဘောကို အရှေ့အလယ်ပိုင်းဆီ လွှတ်တာဟာ အမေရိကန်ရဲ့ အီရန်ကို ပစ်မှတ်ထားတဲ့ စစ်ရေးလုပ်ဆောင်မှု ဖြစ်နိုင်ခြေကို သိသိသာသာ မြင့်တက်စေတယ်လို့ လေ့လာသုံးသပ်သူတချို့က ပြောပါတယ်။
အမေရိကန်က ပြီးခဲ့တဲ့လကုန်ပိုင်းမှာ USS အေဘရာဟင်မ် လင်ကွန်း လေယာဉ်တင်သင်္ဘောကို အီရန်ရေပိုင်နက်ဆီ စေလွှတ်ခဲ့ပြီးသားပါ။
အဲဒီအချိန်ကစပြီး နောက်ထပ် စစ်သင်္ဘောတွေ၊ လေကြောင်းကာကွယ်ရေးစနစ်တွေနဲ့ တိုက်လေယာဉ်တွေကို တိုးချဲ့ခဲ့ပါတယ်။
သင်္ဘောရောက်တာနဲ့ အမှန်တကယ်သုံးဖို့ ဖိအားတွေ တိုးလာလိမ့်မယ်လို့ မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာန (CSIS) က အကြီးတန်းအကြံပေး ကန်ဒေ့စ်စပရက်ဒ်လီက ဝါရှင်တန်ပို့စ်ကို ပြောပါတယ်။
အမေရိကန်ဟာ အရှေ့အလယ်ပိုင်းမှာ စစ်ရေးဖိအားပေးမှုနဲ့ သံတမန်ရေးဆွေးနွေးပွဲတွေကို ပေါင်းစပ်ပြီး ၂ လမ်းသွား ချဉ်းကပ်မှုကို ဆက်လုပ်နေပါတယ်။
အစောပိုင်းမှာ အမေရိကန်နဲ့ အီရန်တို့ဟာ ဆွေးနွေးပွဲကို ၈ လကြာ ရပ်နားထားပြီးနောက် ၆ ရက်နေ့မှာ အိုမန်နိုင်ငံမှာ နျူကလီးယားဆွေးနွေးပွဲတွေကို ပြန်စခဲ့ပေမဲ့ မတူကွဲပြားချက်တွေကို လျှော့မချနိုင်သေးပါဘူး။
သမ္မတထရမ့်ပ်ကတော့ ဆွေးနွေးပွဲတွေအတွက် တလကြာ နောက်ဆုံးရက်ကို အရင်နေ့က သတ်မှတ်ခဲ့ပြီး “သဘောတူညီချက်မရရင် အလွန်စိတ်ထိခိုက်စရာကောင်းတဲ့ အခြေအနေတခု ဖြစ်လာလိမ့်မယ်” လို့ သတိပေးခဲ့ပါတယ်။
Source: Reuters


