
ဧရာဝတီတိုင်း ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ကြံခင်းမြို့ ရွာသစ်ရပ်ကွက်၊ သုခမိန်လမ်းက နေအိမ် တလုံးကို စက်သုံးဆီ တရားမဝင်ရောင်းနေတယ်ဆိုပြီး စစ်ကောင်စီရဲတပ်ဖွဲ့က ဝင်ရောက် စီးနင်းကာ အမျိုးသားယောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖေဖော်ဝါရီ ၂၇ ရက်က စစ်ကောင်စီရဲ့ ကြံခင်း မြို့မရဲစခန်းမှူး ဒုရဲမှူးလှခိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ကိုကိုနိုင်နဲ့ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတို့ကနေ အိမ်အတွင်း ဝင်ရောက်ရှာဖွေပြီး အသက် ၆၀ ကျော် အရွယ် ဦးကြည်လွင်ကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ဒေသခံတယောက်က “အဖမ်းခံရတာ ဟုတ်ပါတယ်။ တရားမဝင်ရောင်းတာဆိုပြီး ဖမ်းတာ။ အဖမ်းခံရတဲ့သူက အသက် ၆၀ ကျော်နေပါပြီ။ အိမ်ဆိုင်လေးမှာ ရပ်ကွက်ထဲက သူတွေ လက်လှမ်းမီသလောက် ဝယ်သုံးနိုင်ဖို့ နည်းနည်းပါးပါးရောင်းချတာပါ” လို့ ပြောပါတယ်။
ဦးကြည်လွင်ရဲ့နေအိမ်မှာ စက်သုံးဆီ အများအပြား သိုလှောင်ထားတယ်လို့ သတင်းပေးသူ ရှိတာ ကြောင့် စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့တွေက ဝင် ရောက်စီးနင်းရှာဖွေခဲ့ပေမဲ့ နေအိမ်မှာ ဓာတ်ဆီ ၂ ပုံး၊ ပလတ်စတစ်ဘူးနဲ့ ထည့်ထားတဲ့ စက်သုံးဆီတလီတာ ဘူး ၃၀ လောက်သာ စစ်ဆေးတွေ့ရှိတာလို့ သိရပါတယ်။
ကြံခင်းမြို့နယ် ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “တရားမဝင်လောင်စာဆီတွေ သိုလှောင်ရောင်း ချနေတယ်လို့ သတင်းပေးသူရှိလို့ ဖမ်းခဲ့တာလို့ သိရတယ်။ လက်တွေ့ ဖမ်းဆီးတော့ ထင်သလောက် မဟုတ်ပါဘူး၊ နည်းနည်းပါးပါးလေးပါ။ ဦးကြည်လွင်ရဲ့ အိမ်မှာတွေ့တဲ့ စက်သုံးဆီ တွေကိုတော့ ရဲကသိမ်းသွားတယ်” လို့ ပြောပါတယ်။
ဦးကြည်လွင်ကို ကြံခင်းမြို့မရဲစခန်းမှာ ချုပ်နှောင်ထားပြီး ရဲစခန်း က(ပ)၈/၂၀၂၆၊ ရေနံနဲ့ရေနံထွက် ပစ္စည်းဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။


