Home
မြန်မာသတင်း
သာပေါင်းတွင် အရပ်သား ၅ ဦးကို AA တပ်ဖွဲ့ဝင်ဟု စွပ်စွဲဖမ်းဆီး
DVB
·
March 2, 2026
Photo: Zaw Oo

ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာ စစ်ကောင်စီတပ်က အရပ်သား ၅ ယောက်ကို အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲပြီး ဖမ်းဆီးသွားတယ်လို့ အဖမ်းခံရသူတွေနဲ့ နီးစပ်သူဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက် ညနေက သာပေါင်းမြို့နယ်၊ သစ်ဖြူကျေးရွာက အရပ်သား ၅ ယောက်ကို စစ်ကောင်စီတပ်က AA တပ်ဖွဲ့ဝင်တွေလို့ စွပ်စွဲကာ ဖမ်းဆီးသွားတာဖြစ်ပြီး မတ် ၂ ရက်အထိ ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

အဖမ်းခံရသူတွေနဲ့ နီးစပ်သူက “အဖမ်းခံရသူတွေက အရပ်သားတွေပါ။ စစ်ကောင်စီတပ်က AA တပ်ဖွဲ့ဝင်တွေလို့ဆိုပြီး ဖမ်းထားတာ။ ဒေသခံအရပ်သားတွေဆိုတာ သိရက်နဲ့ ဖမ်းသွားတာ။ ကိုကျော်ကျော် ဆိုတဲ့သူ အပါအဝင် ၅ ယောက် အဖမ်းခံရတာ” လို့ ပြောပါတယ်။

အဲဒီ အဖမ်းခံရတဲ့ အရပ်သား ၅ ယောက်ဟာ အသက် ၃၀ နှစ်အရွယ် ကိုကျော်ကျော်နဲ့ နောက်ထပ် လူငယ် အမျိုးသား ၄ ယောက်ဖြစ်ပြီး သူတို့ကို စစ်ကောင်စီတပ်က ဘယ်မှာ ဖမ်းဆီးချုပ်နှောင်ထားတယ်ဆိုတာ မသိရသေးဘူးလို့ ဆိုပါတယ်။

သာပေါင်းမြို့နယ်၊ စစ်ကောင်စီတပ်နဲ့ နီးစပ်သူက “AA တပ်သားတွေဆိုပြီး ဖမ်းတာ။ အဖမ်းခံရသူတွေက သူ့လယ်ယာမြေတွေမှာ အလုပ်လုပ်နေကြရင်း အဖမ်းခံရတာ။ တပ်ကဖမ်းတာ။ ခေါင်းစဉ်တခုတပ်ပြီး ဖမ်းတာ။ လေးမျက်နှာက စခန်းတခုဘက်ကို ဖမ်းသွားတယ်လို့ပဲ သိရတယ်” လို့ ပြောပါတယ်။

လေးမျက်နှာ၊ ငါးသိုင်းချောင်း၊ ရေကြည်၊ သာပေါင်း အပါအဝင် ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ အရပ်သား ဒေသခံတွေကို စစ်ကောင်စီရဲနဲ့ ထောက်လှမ်းရေးတွေက အထူးစောင့်ကြည့် စစ်ဆေး ဖမ်းဆီးနေတယ်လို့ တပ်နဲ့နီးစပ်သူတွေက ဆိုပါတယ်။

ဒါ့အပြင် လက်ရှိ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ လေးမျက်နှာ၊ သာပေါင်း၊ ကြံခင်း၊ အင်္ဂပူနဲ့ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်း အမြောက်တပ် ၃၄၄ နဲ့ ပတ်ဝန်းကျင်မှာ ထိတွေ့တိုက်ပွဲ ဖြစ်နေတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013