
အီရန်ကိုတိုက်ဖို့ အစ္စရေးရဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ အမေရိကန်တပ်တွေ ကျိန်းသေပေါက် ပစ်မှတ်ထားခံရနိုင်တဲ့ အခြေအနေကြောင့် ထရမ့်ပ်အစိုးရဟာ လက်ဦးမှုယူ တိုက်ခိုက်ခဲ့ရတာလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်ကုန်က စတင်ခဲ့တဲ့ လေကြောင်းစစ်ဆင်ရေးနဲ့ ပတ်သက်ပြီး မတ် ၂ ရက်မှာ အစိုးရအဖွဲ့က လွှတ်တော်ခေါင်းဆောင်တွေကို တံခါးပိတ် ရှင်းလင်းတင်ပြခဲ့ပါတယ်။
ဒီပဋိပက္ခစတင်ကတည်းက အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်ကို လေကြောင်းကနေ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပြီး အီရန်အဓိပတိ အယာတိုလာ အလီ ခါမေနီ အပါအဝင် ထိပ်တန်းခေါင်းဆောင်တွေ သေဆုံးခဲ့ပါတယ်။
အီရန်ဘက်ကလည်း ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ လက်တုံ့ပြန်ခဲ့လို့ အမေရိကန်စစ်သည် ၆ ယောက် ကျဆုံးခဲ့သလို အီရန်ပြည်သူ ၅၀၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အစိုးရရဲ့ စစ်ရေး ဝင်ပါမှုအပေါ် ရီပတ်ဘလစ်ကန်တွေက ထောက်ခံကာကွယ်ပေမဲ့ ဒီမိုကရက်တွေကတော့ တိကျတဲ့ မဟာဗျူဟာမရှိတဲ့ မလိုအပ်တဲ့စစ်ပွဲအဖြစ် ဝေဖန်ရှုတ်ချနေကြပါတယ်။
ဒီတပတ်ထဲ အောက်လွှတ်တော်မှာ သမ္မတထရမ့်ပ်ကို စစ်ရေးလှုပ်ရှားမှုတွေ ရပ်တန့်ဖို့ ဖိအားပေးနိုင်တဲ့ စစ်မက်ပြုမှုအာဏာဆိုင်ရာ ဆုံးဖြတ်ချက်တရပ်ကို မဲခွဲဆုံးဖြတ်ဖို့ ရှိနေပါတယ်။
လတ်တလောမှာ အမေရိကန်ဟာ အီရန်မြေပြင်မှာ တပ်တွေချထားဖို့ မရှိသေးပေမဲ့ ဒီရွေးချယ်စရာတွေ သမ္မတထရမ့်ပ်မှာ ရှိနေတယ်လို့ ရူဘီယိုက သတင်းထောက်တွေကို သီးခြားပြောခဲ့ပါတယ်။
ဒါပေမဲ့ မြေပြင်တပ်မသုံးဘဲ ရည်မှန်းချက်အောင်မြင်နိုင်တယ်လို့ အမေရိကန်အစိုးရက ယုံကြည်ထားကြောင်းလည်း ဝန်ကြီးက ပြောပါတယ်။
Source: Reuters


