
အီရန်နိုင်ငံမှာ ခေါင်းဆောင်အသစ် ရွေးမပြီးမချင်း ခေါင်းဆောင်မှုတာဝန်တွေကို ထမ်းဆောင်ဖို့ ယာယီကောင်စီတရပ်ကို ဖွဲ့စည်းမယ်လို့ အီရန်ထိပ်တန်းလုံခြုံရေးအရာရှိတယောက်က မတ် ၁ ရက်မှာ ပြောပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန်က အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီ သေဆုံးမှုကို အတည်ပြုပြီး နာရီပိုင်းအကြာမှာ နိုင်ငံပိုင် IRIB TV နဲ့ အင်တာဗျူးမှာ အီရန်ရဲ့ အမြင့်ဆုံး အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး အလီလာရီဂျာနီက စနေနေ့မှာ ပြောလိုက်တာပါ။
အီရန်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁၁ အရ အီရန်မှာ ခေါင်းဆောင်မှုမရှိရင် သမ္မတ၊ တရားစီရင်ရေးအကြီးအကဲနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကောင်စီက ရှေ့နေတယောက်က ခေါင်းဆောင်ရဲ့ တာဝန်တွေကို ယာယီထမ်းဆောင်မယ်လို့ လာရီဂျာနီက ပြောပါတယ်။ သူက ကောင်စီကို အမြန်ဆုံးဖွဲ့စည်းသွားမယ်လို့လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
တနိုင်ငံလုံး ဝမ်းနည်းပူဆွေး ဒေါသထွက်နေကြပြီး အစ္စရေးနဲ့ အမေရိကန်ရဲ့ လုပ်ရပ်တွေကို တုံ့ပြန်သွားမယ်လို့ အီရန်လုံခြုံရေးကောင်စီ အကြီးအကဲက ပြောပါတယ်။
အနောက်အာရှဒေသတခုလုံးကို လွှမ်းမိုးရေး အီရန်ကို ပိုင်းခြားဖို့ အစ္စရေးက ကြိုးစားနေတယ်လို့ လာရီဂျာနီက သတိပေးခဲ့ပြီး အမေရိကန်ပြည်ထောင်စုဟာ “အစ္စရေးရဲ့ထောင်ချောက်ထဲ” ကျရောက်သွားပြီလို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ “အမေရိက ပထမ” ဆောင်ပုဒ် ရှိနေပေမဲ့ အစ္စရေးရဲ့ အကျိုးစီးပွားဟာ အမေရိကန်ရဲ့ ထိပ်တန်းဦးစားပေး ဖြစ်ပုံရပြီး အစ္စရေးဟာ အမေရိကန်ကို လွှမ်းမိုးထားတယ်လို့ သူက အလေးပေး ပြောကြားခဲ့ပါတယ်။
Source: Reuters


