
အမေရိကန် အပါအဝင် ၃ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမဲ့ ၂၀၂၆ ကမ္ဘာ့ဖလား စတင်ဖို့ ၃ လလောက်ပဲ လိုတော့ချိန်မှာ အမေရိကန်နဲ့ အီရန်ကြား စစ်ရေးပဋိပက္ခတွေကြောင့် ပြိုင်ပွဲအပေါ် ရိုက်ခတ်မှုတွေ ရှိလာနေပါတယ်။
အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက သူတို့အသင်း ကမ္ဘာ့ဖလားဝင်ပြိုင်ဖို့ မသေချာကြောင်း အရိပ်အမြွက် ပြောကြားခဲ့တာပါ။
တကယ်လို့ အီရန်အသင်း နုတ်ထွက်သွားရင် သူတို့နေရာမှာ အစားထိုးဖို့ အာရှဘောလုံးအဖွဲ့ချုပ်က အီရတ် ဒါမှမဟုတ် ယူအေအီးအသင်းတို့က ရေပန်းအစားဆုံး ဖြစ်နေပါတယ်။
ဖီဖာ (FIFA) ကတော့ လက်ရှိအခြေအနေကို စောင့်ကြည့်နေပြီး အသင်းအားလုံး ပါဝင်တဲ့ ဘေးကင်းတဲ့ ပြိုင်ပွဲတခုဖြစ်ဖို့ အာရုံစိုက်နေကြောင်း သီးသန့်ထုတ်ပြန်ထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ဖီဖာရဲ့ 'ငြိမ်းချမ်းရေးဆု' ကို ရရှိထားပေမဲ့ အခု စစ်ရေးလှုပ်ရှားမှုတွေကြောင့် နိုင်ငံတကာမှာ ဝေဖန်မှုတွေ ပြင်းထန်နေတာပါ။
တဖက်မှာလည်း အမေရိကန်အစိုးရရဲ့ ရန်ပုံငွေပိတ်ပင်မှုတွေကြောင့် ကမ္ဘာ့ဖလားကျင်းပမဲ့ မြို့ကြီးတွေမှာ လုံခြုံရေးဆိုင်ရာ ပြင်ဆင်မှုတွေ နောက်ကျနေတဲ့အတွက် စိုးရိမ်မှုတွေ ရှိနေပါတယ်။
အထူးသဖြင့် အီရန်အသင်းရဲ့ ပွဲစဉ်တွေကို အီရန်နွယ်ဖွား အများအပြားနေထိုင်တဲ့ လော့စ်အိန်ဂျလိစ်မြို့မှာ ကစားဖို့ သတ်မှတ်ထားလို့ လုံခြုံရေးပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ ယူဆနေကြပါတယ်။


