Home
နိုင်ငံတကာ
အီရန် စစ်ပွဲကြောင့် ထိုင်းလေဆိပ်များ၌ လေယာဉ်ခရီးစဉ် ၁၀၀ ခန့် ဖျက်သိမ်း 
DVB
·
March 2, 2026
Photo: Reuters

အီရန်ပဋိပက္ခကြောင့် ကမ္ဘာ့လေကြောင်းလိုင်းတွေ ကမောက်ကမဖြစ်ပြီး လေယာဉ် ခရီးစဉ်ပေါင်း ထောင်နဲ့ချီ ဖျက်သိမ်းခဲ့ကြရတာမှာ ထိုင်းနိုင်ငံ ဘန်ကောက်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာလည်း လေကြောင်းခရီးစဉ်တွေ ၁၀၀ လောက်ဖျက်သိမ်းခဲ့ရပါတယ်။

ထိုင်းနိုင်ငံ လေဆိပ်အာဏာပိုင်အဖွဲ့ (AoT) ထုတ်ပြန်ချက်အရ အရှေ့အလယ်ပိုင်းအခြေအနေကြောင့် အဓိကလေဆိပ် ၄ ခုမှာ လေကြောင်းခရီးစဉ် စုစုပေါင်း ၁၃၄ ခု ထိခိုက်ခဲ့ကြောင်းနဲ့ အဲဒီထဲက ၉၉ ခု  ဖျက်သိမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်က စတင်တဲ့ အမေရိကန်နဲ့ အစ္စရေးတို့ တိုက်ခိုက်မှုကြောင့် အီရန်ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ သေဆုံးပြီးနောက် ဒေသတွင်း လေပိုင်နက် အများစုကို ပိတ်ထားခဲ့သလို ယူအေအီးက ဒူဘိုင်းနဲ့ အဘူဒါဘီ၊ ကာတာ ဒိုဟာ အစရှိတဲ့ ကမ္ဘာ့အစည်ကားဆုံး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးတွေ ဆက်လက်ပိတ်ထားခဲ့ရပြီး မကြာသေးမီနှစ်တွေအတွင်း လေကြောင်းကဏ္ဍမှာ အပြင်းထန်ဆုံး ရိုက်ခတ်မှုတခု ဖြစ်လာခဲ့ပါတယ်။

အဆိုပါ ဂယက်ရိုက်ခတ်မှုတွေက အရှေ့အလယ်ပိုင်းဒေသပြင်ပအထိ ရောက်ရှိသွားပြီး ဘာလီ၊ ခတ္တမန္ဒူနဲ့ ဖရန့်ဖတ်မြို့တွေအထိ ခရီးသည်သောင်းနဲ့ချီ လေဆိပ်တွေအတွင်း သောင်တင်နေခဲ့ကြတာလို့ သတင်းတွေမှာ ဖော်ပြပါတယ်။

အစ္စရေးက မနေ့က တနင်္ဂနွေနေ့မှာ အီရန်အပေါ် နောက်ထပ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သလို အီရန်ကလည်း အိမ်နီးချင်း ပင်လယ်ကွေ့နိုင်ငံတွေအပေါ် လေကြောင်းမှ တုံ့ပြန်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဒူဘိုင်းနဲ ဒိုဟာမြို့တွေအနီး ပေါက်ကွဲသံကြီးတွေကို ဆက်လက်ကြားနေရတာလို့ ဆိုပါတယ်။

အီရန်ရဲ့ တိုက်ခိုက်မှုအတွင်း ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့သလို အဘူဒါဘီနဲ့ ကူဝိတ်က လေဆိပ်တွေကိုလည်း ထိမှန်ခဲ့ပါတယ်။ 

Flight Aware လေယာဉ်ခြေရာခံ ပလက်ဖောင်းရဲ့ သတင်းအချက်အလက်တွေအရ အရှေ့အလယ်ပိုင်းတခွင် လေယာဉ်ခရီးစဉ်ပေါင်း ထောင်နဲ့ချီ ထိခိုက်မှုရှိခဲ့ကြောင်း သိရပါတယ်။

ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာ လေကြောင်းလိုင်းဖြစ်တဲ့ Emirates ကတော့ သူတိုရဲ့ ဒူဘိုင်းအခြေစိုက် လုပ်ငန်းဆောင်ရွက်မှု အားလုံးကို ဒီကနေ့ တနင်္လာနေ့အထိ ဆိုင်းငံ့ထားကြောင်း ပြောကြားခဲ့သလို Qatar Airways ကလည်း လုပ်ငန်းတွေ အားလုံးကို ဆိုင်းငံ့ထားပြီး ထပ်မံအသိပေးမယ်လို့ ပြောထားပါတယ်။

ဂျာမနီနိုင်ငံ လေကြောင်းလိုင်းတခုဖြစ်တဲ့ Lufthansa လေကြောင်းလိုင်းကလည်း သူတို့ရဲ့ လေယာဉ်ခရီးစဉ်တွေကို လာမဲ့ မတ် ၈ ရက်အထိ သက်တမ်းတိုး ဆိုင်းငံ့လိုက်တာပါ။

Flightradar24 ရဲ့ မတ် ၁ ရက် မြေပုံတွေအရ အီရန်၊ အီရတ်၊ ကူဝိတ်၊ အစ္စရေး၊ ဘာရိန်း၊ ယူအေအီးနဲ့ ကာတာနိုင်ငံဝေဟင်ပိုင်နက်တွေအတွင်းမှာ လေယာဉ်တွေ လုံးဝမရှိသလောက် ဖြစ်နေတာကို တွေ့ရပါတယ်။ 

အီရန်ဝေဟင်ပိုင်နက် ပိတ်ထားမှုကိုတော့ မတ် ၃ ရက် ဒေသစံတော်ချိန် ၈ နာရီခွဲ အထိ သက်တမ်းတိုးလိုက်ကြောင်း လေယာဉ်မောင်းတွေဆီ အသိပေးချက် ထုတ်ပြန်ထားပေမဲ့ အခုပဋိပက္ခကြောင့် ဖြစ်ပေါ်နေတဲ့ ကမောက်ကမဖြစ်မှုတွေ ဘယ်လောက်ကြာရှည်မယ် အသေအချာ မသိရသေးကြောင်း ဒေသတွင်း လေကြောင်းလိုင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ကျွမ်းကျင်သူတွေရဲ့ အဆိုအရ ပင်လယ်ကွေ့ဒေသနဲ့ လေကြောင်းလိုင်းတွေဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း လေကြောင်းပြတ်တောက်မှုတွေကို ရင်ဆိုင်ခဲ့ရဖူးပေမဲ့ ခုလို ၂၄ နာရီကျော်ကြာ ကောင်းကင်ယံကို ပိတ်ထားရတာမျိုးလို ပင်လယ်ကွေ့ဒေသ အဓိက အချက်အချာ လေဆိပ်ကြီး ၃ ခုလုံး ရပ်တန့်သွားတာမျိုးလို အခြေအနေကတော့ တကြိမ်တခါမှ မဖြစ်ပေါ်ဖူးဘူးလို့ ပြောပါတယ်။

ဒါ့ပြင် ပင်လယ်ကွေ့ဒေသဟာ လေကြောင်းကုန်စည်ပို့ဆောင်ရေး အဓိကလမ်းဆုံ လမ်းခွဖြစ်တာကြောင့် ရေကြောင်းလမ်း ကမောက်ကမဖြစ်မှုတွေအပြင် ကုန်သွယ် ရေးလမ်းကြောင်းတွေအပေါ်မှာပါ ဖိအားတွေ ပိုမိုသက်ရောက်လာစေတယ်လို့လည်း သတင်းတွေမှာ ဖော်ပြပါတယ်။

လက်ရှိမှာ ဂျာမနီနိုင်ငံ ဖရန့်ဖတ်လေဆိပ်၊ အင်ဒိုနီးရှားရှိ ဘာလီလေဆိပ်၊ ဘင်္ဂလားဒေ့ရှ် ဒါကာလေဆိပ်၊ နီပေါက ခတ္တမန္ဒူလေဆိပ်တွေမှာ ခရီးစဉ် ဖျက်သိမ်းမှုတွေကြောင့် ခရီးသည်ပေါင်းများစွာ သောင်တင်နေပြီး ဆက်သွယ်ရေးလိုင်းတွေလည်း အလွန်အမင်း အလုပ်များနေကြတယ်လို့ သိရပါတယ်။

Cirium ရဲ့ အဆိုအရ မတ် ၁ ရက်နေ့မှာတင် အဆိုပါဒေသတွေဆီ ဆင်းသက်ဖို့ စီစဉ်ထားတဲ့ လေယာဉ်ခရီးစဉ်ပေါင်း ၄,၀၀၀ နီးပါး ရှိခဲ့တယ်လို့ ဆိုပါတယ်။

ရုရှား-ယူကရိန်းစစ်ပွဲကြောင့် အီရန်နဲ့ အီရတ်လမ်းကြောင်းတွေကို ပိုမိုအသုံးပြုနေရချိန် ခုလို လမ်းကြောင်းတွေ ထပ်မံပိတ်ဆို့သွားတာက လေကြောင်းလိုင်းတွေအတွက် ပိုမို လမ်းကြောင်း ကျဉ်းမြောင်းစေပြီး လောင်စာဆီကုန်ကျ စရိတ်ကိုလည်း မြင့်တက်စေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်အကြား တိုက်ပွဲတွေဟာလည်း ထပ်မံစိုးရိမ်စရာ ဖြစ်လာပြီး တကယ်လို့ အဆိုပါဝေဟင်ပိုင်နက်တွေကိုပါ ထပ်မံပိတ်ထားရပါက ဥရောပနဲ့ အာရှအကြား ခရီးသွားလာမှုမှာ အလွန်ဆိုးရွားတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ခံစားရနိုင်ကြောင်း ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

Source: Bangkok post

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013