
အီရန်ရဲ့ ဒုံးကျည်တွေ၊ ဒရုန်းတွေဟာ အမေရိကန် မဟာမိတ် ပင်လယ်ကွေ့နိုင်ငံတွေကို ဆက်တိုက်ထိမှန်နေပါတယ်။
ဒီနိုင်ငံတွေအနေနဲ့ ပြန်ချရင်လည်း အစ္စရေးနဲ့ ပူးပေါင်းတယ်လို့ အထင်ခံရမှာ ဖြစ်သလို ငြိမ်နေရင်လည်း ကိုယ့်မြို့တွေ ပျက်စီးတာ ထိုင်ကြည့်နေသလို ဖြစ်နေလို့ ခက်ခဲတဲ့ ရွေးချယ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။
အီရန်ရဲ့ ပစ်ခတ်မှုတွေကြောင့် ယူအေအီးမှာ ၃ ယောက် သေဆုံးပြီး ၅၈ ယောက် ဒဏ်ရာရခဲ့သလို ကာတာ၊ ကူဝိတ်၊ အိုမန်နဲ့ ဘာရိန်း နိုင်ငံတွေမှာလည်း ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။
စစ်ဘက်ပစ်မှတ်တွေသာမက ဇိမ်ခံဟိုတယ်တွေ၊ ဈေးဝယ်စင်တာတွေနဲ့ လေဆိပ်တွေလို အရပ်ဘက်အဆောက်အအုံတွေပါ ပစ်မှတ်ထားခံနေရတာပါ။
မတ် ၁ ရက်အထိ ယူအေအီးနိုင်ငံကို ပစ်ခတ်လာတဲ့ ပဲ့ထိန်းဒုံးကျည် ၁၆၅ စင်း၊ ခရုစ်ဒုံးကျည် ၂ စင်းနဲ့ ဒရုန်း ၅၄၁ စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရက်ချီ ကတော့ အိမ်နီးချင်းနိုင်ငံတွေကို ပစ်မှတ်ထားတာ မဟုတ်ဘဲ အမေရိကန်တပ်တွေကိုသာ ပစ်မှတ်ထားတာလို့ ဆိုပါတယ်။
အာရက်ချီက “အိမ်နီးချင်းတွေအနေနဲ့ သူတို့ရဲ့ မကျေနပ်ချက်တွေကို ဒီစစ်ပွဲကို ဆုံးဖြတ်တဲ့သူတွေဆီကိုသာ ဦးတည်သင့်တယ်” လို့ အယ်လ်ဂျာဇီးယား သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ပင်လယ်ကွေ့နိုင်ငံတွေဟာ ဒီစစ်ပွဲကို တားဆီးဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
အခုချိန်မှာတော့ သူတို့ရဲ့ပုံရိပ်နဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ တနည်းနည်းနဲ့ တုံ့ပြန်ဖို့ လိုအပ်လာပြီလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
ဒါပေမဲ့ အစ္စရေးနဲ့ ပူးပေါင်းတယ်လို့ အထင်မခံရအောင် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC) ကနေတဆင့် ကိုယ်တိုင် ဦးဆောင်ပြီး တိုက်ခိုက်တာမျိုး လုပ်လာနိုင်ပါတယ်။
ဒါ့အပြင် သူတို့ရဲ့ အရေးပါတဲ့ လျှပ်စစ်နဲ့ ရေပေးဝေရေးစနစ်တွေ တိုက်ခိုက်ခံရမဲ့ အန္တရာယ်ကိုလည်း အထူးစိုးရိမ်နေကြပါတယ်။


