
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်က အရှေ့အလယ်ပိုင်းမှာ တိုက်ခိုက်မှုတွေ ဆက်လုပ်နေချိန်မှာ ဟော်မုဇ်ရေလက်ကြားအနီး သင်္ဘော ၃ စင်းထက်မနည်း ပစ်ခတ်ခံရလို့ ကမ္ဘာ့ရေနံဈေးတွေ မြင့်တက်သွားပါတယ်။
သင်္ဘော ၂ စင်း တိုက်ခိုက်ခံရပြီး တတိယတစင်းနားမှာလည်း ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ဗြိတိန်ရေကြောင်းကုန်သွယ်မှု စောင့်ကြည့်ရေးအဖွဲ့ (UKMTO) က ထုတ်ပြန်ပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်ကတော့ ဗြိတိန်နဲ့ အမေရိကန် ရေနံတင်သင်္ဘော ၃ စင်းကို ဒုံးကျည်နဲ့ပစ်ခတ်လို့ မီးလောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်းလောက် ဖြတ်သန်းသွားလာနေတဲ့ ဒီရေလက်ကြားကို မဖြတ်သန်းဖို့ အီရန်က သတိပေးထားလို့ နိုင်ငံတကာ သင်္ဘောသွားလာမှုတွေ ရပ်တန့်လုနီးပါး ဖြစ်နေပါတယ်။
ဒါကြောင့် မတ် ၂ ရက် အာရှဈေးကွက်မှာ ဘရန့်ရေနံစိမ်းဈေးဟာ ၇ ရာခိုင်နှုန်းကျော် မြင့်တက်ပြီး တစည်ကို ၇၈ ဒသမ ၂၅ ဒေါ်လာအထိ ရောက်သွားပါတယ်။ အမေရိကန်ရေနံဈေးကလည်း ၇ ဒသမ ၃ ရာခိုင်နှုန်း တက်လာပါတယ်။
ပဋိပက္ခတွေသာ ကြာရှည်သွားရင် ရေနံတစည်ကို ဒေါ်လာ ၁၀၀ ကျော်အထိ ရောက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
ရေနံဈေးတက်လာတာကို ထိန်းနိုင်ဖို့အတွက် ဆော်ဒီအာရေဗျနဲ့ ရုရှားနိုင်ငံတို့ ပါဝင်တဲ့ ရေနံတင်ပို့တဲ့ Opec+ အဖွဲ့က မတ် ၁ ရက်မှာ တနေ့ကို ရေနံစည်ပေါင်း ၂၀၆,၀၀၀ အထိ တိုးထုတ်ဖို့ သဘောတူခဲ့ပါတယ်။
ဒါပေမဲ့ ဒီလုပ်ရပ်က သိပ်ပြီး အထောက်အကူဖြစ်မှာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူတချို့က သံသယရှိနေကြပါတယ်။
သင်္ဘောအစင်း ၁၅၀ လောက်ဟာ ပင်လယ်ကွေ့ထဲမှာ ကျောက်ချရပ်နားထားရပေမဲ့ အီရန်နဲ့ တရုတ်သင်္ဘော အနည်းငယ်ကတော့ ဖြတ်သန်းသွားလာခဲ့ပါတယ်။
ဒိန်းမတ် သင်္ဘောကုမ္ပဏီ Maersk ကလည်း မတ် ၁ ရက်ကစလို့ ပင်လယ်နီနဲ့ ဆူးအက်တူးမြောင်း လမ်းကြောင်းကနေ သွားလာမှုတွေကို ရပ်ဆိုင်းထားလိုက်ပါတယ်။


