
ထိုင်းနိုင်ငံမှာ Streptococcus suis လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးတမျိုး ကူးစက်ခံရသူ ၄၉ ယောက်နဲ့ သေဆုံးသူ ၃ ယောက်ရှိလာတဲ့အတွက် သားစိမ်းငါးစိမ်း၊ မကျက်တကျက် စားသုံးခြင်းမှ ရှောင်ကြည်ဖို့ ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာန ကူးစက်ရောဂါ စောင့်ကြည့်ရေးဌာနခွဲ (DDS) က ထုတ်ပြန်သတိပေးလိုက်ပါတယ်။
DDS ရဲ့ ဖေဖော်ဝါရီ ၂၆ ရက် ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံမှာ ဇန်နဝါရီ ၁ ရက်မှ ဖေဖော်ဝါရီ ၁၀ ရက်နေ့အတွင်း အဆိုပါ ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း ၄၉ ယောက် တွေ့ရှိပြီး ၃ ယောက် သေဆုံးတယ်၊ ရောဂါကူးစက်ခံရသူတွေဟာ ထိုင်းနိုင်ငံတဝန်း ၂၈ ခရိုင်ကဖြစ်ပြီး ကူးစက်ခံရသူ အများဆုံးမှာ ထိုင်းအရှေ့မြောက်ပိုင်း နခွန်းရာ့ချ်ဆီမားခရိုင်က ဖြစ်တယ်လို့ ထိုင်းအစိုးရအိမ်တော် ပြောရေးဆိုခွင့်ရှိသူ နန်းဆောင် အိုင်းရင်းဖန်းရိတ်က ပြောပါတယ်။
ဒုတိယကူးစက်မှုအများဆုံးမှာ ထိုင်းမြောက်ပိုင်း ဖရဲ့ခရိုင်၊ အရှေ့တောင်ပိုင်း ချွန်းပူးရီးခရိုင်၊ ချိုင်းယားဖုမ်း၊ ဆူရင်း စသဖြင့် အစဉ်လိုက်ဖြစ်ပါတယ်။
ကူးစက်ခံရသူတွေရဲ့ အသက်အရွယ်မှာ အသက် ၆၀ အထက် အများဆုံး၊ အဲဒီနောက် ၅၀ နဲ့ ၅၉ နှစ် ကြား၊ ၄၀ နဲ့ ၄၉ နှစ်ကြားတွေ ဖြစ်တယ်၊ သေဆုံးသူ ၃ ယောက်ဟာ လူကြီးပိုင်းဖြစ်ပြီး အမျိုးသားတွေလို့ ဆိုပါတယ်။
ရောဂါပိုးကူးစက်ခံရသူတွေရဲ့ ရာဇဝင်မှာ ဝက်သားအစိမ်းသုပ်စားခြင်း၊ မကျက်တကျက်အသားစား တာ၊ ဝက်သားကို အရက်နဲ့တွဲစားတာ၊ သားသတ်ရုံမှာ အလုပ်လုပ်သူ၊ လက်မှာ ထိရှဒဏ်ရာနဲ့ ရောဂါပိုးရှိ ဝက်သားအား ကိုင်တွယ်မိသူတွေ ဖြစ်ပါတယ်။
Streptococcus suis ရောဂါဟာ အသားငါးတွေကို အစိမ်းစားရာကနေ အလွယ်တကူ ရောဂါပိုး ကူးစက်ခံရနိုင်တဲ့ရောဂါ ဖြစ်ပါတယ်။
ရောဂါလက္ခဏာမှာ ပျို့အန်တာ၊ ခေါင်းကိုက်တာ၊ အဖျားကြီးတာ၊ ဝမ်းလျှောတာ၊ အခြေအနေ ဆိုးရွားပါက တက်တာ၊ နားအူပြီး အကြားအာရုံ ဆုံးရှုံးတာ၊ လေဖြတ်တာ၊ အချိန်မီမကုသက အသက်ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဒီရောဂါကြိုတင်ကာကွယ်ဖို့ သားစိမ်းငါးစိမ်း၊ မကျက်တကျက်အသား စားသုံးခြင်းမှ ရှောင်ကြဉ်ဖို့၊ ဝက်သားကို စိတ်ချယုံကြည်ရတဲ့ ဆိုင်ကသာ ဝယ်ယူဖို့၊ သားသတ်ရုံမှာ လုပ်သူတွေ ဝက်သားပေါ် ရောင်းသူတွေအနေနဲ့ လက်အိတ်၊ ဘွတ်ဖိနပ် စတဲ့ အကာအကွယ်အသုံးပြုဖို့၊ အသားတွေကို ကိုင်တွယ်ပြီးပါက လက်ကို ကောင်းစွာဆေးကြောဖို့၊ ထိရှရာနဲ့ အသားတွေကို တိုက်ရိုက်မကိုင်တွယ်ဖို့ ပြည်သူ့ကျန်းမာရေးဌာနက သတိပေးထားပါတယ်။
Source: ThaiPBS News


