
ထိုင်းနိုင်ငံ၊ ကန်ကျနပူရီခရိုင်၊ ကန်ကျနပူရီမြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၂၆ ရက် မနက်က တရားမဝင်မြန်မာနိုင်ငံသားတွေ တင်ဆောင်လာတဲ့ ကားတစီး ရဲတပ်ဖွဲ့ကို တိမ်းရှောင်ထွက်ပြေးစဉ် မတော်တဆတိမ်းမှောက်သွားခဲ့ပြီး ၂၃ ယောက် ဒဏ်ရာရကာ အဲဒီထဲက တယောက်က ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဒီမနက် ၆ နာရီလောက်က ဆိုင်းယို့မြို့နယ်ထဲမှာ မီဆူဘီရှိဟိုင်းလပ်စ်ကားတစီးဟာ စစ်ဆေးရေးဂိတ်မှာ ရပ်မပေးဘဲ အလျင်အမြန် မောင်းနှင်ထွက်ပြေးသွားတာကြောင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေက ကားနဲ့အနောက်ကနေ လိုက်ဖမ်းခဲ့တယ်လို့ တာဝန်ရှိသူမှ သတင်းထောက်ကို ပြောပါတယ်။
အဆိုပါကားဟာ ကန်ကျနပူရီမြို့နယ် ဝမ်းတန့်ကျေးရွာအုပ်စု နယ်မြေ ၉ နောင်ဆမ်ဖရန်းရွာ နားရောက်တော့ ကားပျက်ပြီး တိမ်းမှောက်သွားခဲ့တယ်။
ကားပေါ်ပါလာသူတွေ အကုန်လွင့်စဉ်ထွက်ကျသွားပြီး လမ်းဘေးမှာ ပြန့်ကျဲကုန်တယ်။ စစ်ဆေးမေးမြန်းချက်အရ ကားပေါ်ပါလာသူတွေဟာ တရားမဝင်မြန်မာနိုင်ငံသားတွေ ဖြစ်ပြီး စုစုပေါင်း ၅၀ ကျော် ပြွတ်သိပ်လိုက်ပါစီးနင်းလာတာ ဖြစ်ပါတယ်။
ယာဉ်မတော်တဆမှုမှာ ၂၃ ယောက် ဒဏ်ရာရပြီး တယောက် ဒဏ်ရာပြင်းထန်ကာ ကယ်ဆယ်ရေးအဖွဲ့က ဒဏ်ရာရသူတွေကို ဖဟွန်ဖွန်းဖယုဟဆေနားဆေးရုံကို ပို့ဆောင်ပေးလိုက်ပါတယ်။
ယာဉ်မောင်းနဲ့ ကျန်ရှိသူတွေကိုတော့ ဥပဒေအရ အရေးယူဖို့ ရဲစခန်းမှာ ခေါ်ယူစစ်ဆေးနေတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Source: Jo Cho News


