
နီပေါနိုင်ငံအနောက်ပိုင်း ဒါးဒင်းခရိုင်မှာ ခရီးသည်တင်ဘတ်စ်ကားတစီး ဖေဖော်ဝါရီ ၂၃ ရက်က အရုဏ်မတက်ခင်အချိန်မှာ တောင်တန်းလမ်းမကနေ လမ်းချော်ပြီး မတ်စောက်တဲ့ ချောက်နက်ထဲ ထိုးကျသွားခဲ့ရာမှာ နိုင်ငံခြားသား ၃ ယောက် အပါအဝင် လူ ၁၉ ယောက် သေဆုံးပြီး တခြားသူ ၂၅ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ခရီးသည် ၄၄ ယောက် တင်ဆောင်လာတဲ့ ဘတ်စ်ကားမှာ ပိုခါရာခရီးသွားမြို့ကနေ ခတ္တမန္ဒူမြို့တော်ကို မောင်းနှင်သွားနေရင်း ဒါးဒင်းခရိုင်ရှိ ဘဟိဂတ်ကျေးရွာရှိ လမ်းပေါ်ကနေ ကျသွားခဲ့တာလို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
သေဆုံးသူတွေထဲမှာ ဗြိတိန်၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံသားတယောက်စီ ပါဝင်ပါတယ်။ ဒဏ်ရာရရှိသူ ၂၅ ယောက်ထဲမှာတော့ နယူးဇီလန်နိုင်ငံသားတယောက်နဲ့ တရုတ်နိုင်ငံသားတယောက်တို့ ပါဝင်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုထားပါတယ်။
ဒရုန်းနဲ့ ရိုက်ကူးထားတဲ့ မှတ်တမ်းတွေအရ ဘတ်စ်ကားမှာ ချောက်ကမ်းပါး အောက်ခြေမှာ ပျက်စီးကြေမွနေတာကို တွေ့ရပါတယ်။
ဒဏ်ရာရရှိသူတွေကို ခတ္တမန္ဒူရှိဆေးရုံတွေဆီ ပို့ဆောင် ကုသပေးနေပါတယ်။ နီပေါနိုင်ငံဟာ တောင်ထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေး အခြေအနေ ညံ့ဖျင်းခြင်းတာကြောင့် နှစ်စဉ် လူပေါင်းရာနဲ့ချီ ယာဉ်မတော်တဆမှုတွေနဲ့ အသက်ဆုံးရှုံးနေကြရပါတယ်။
Source: Reuters


