
ပီရူးနိုင်ငံ၊ အာရေကီးပါဒေသမှာ နိုဝင်ဘာ ၁၂ ရက်က မီတာ ၂၀၀ အနက်ရှိ ချောက်ကြီးတခုထဲကို ဘတ်စ်ကားတစီး ထိုးကျသွားခဲ့ပြီးနောက်မှာ အနည်းဆုံး လူ ၃၇ ယောက် သေဆုံးကာ ဒါဇင်ပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသအာဏာပိုင်တွေက ပြောပါတယ်။
ကမ်းရိုးတန်းမြို့ ချာလာမှ အာရေကီးပါမြို့ကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမကြီးပေါ်မှာ မနက်အစောပိုင်းက ဘတ်စ်ကားဟာ ဗင်ကားတစီးနဲ့ တိုက်မိပြီးတော့ လမ်းချော်သွားရာက ချောက်ထဲကို ထိုးကျသွားရကြောင်း အာရေကီးပါ ဒေသဆိုင်ရာ ကျန်းမာရေးအကြီးအကဲ ဝေါလ်သာ အိုပေါ်တိုက မီးသတ်သမားတွေကို ကိုးကားပြီး ပြောပါတယ်။
အခုဖြစ်ရပ်ဟာ လတ်တလောနှစ်တွေအတွင်း ပီရူးနိုင်ငံမှ လူအသေအပျောက်အများဆုံး ယာဉ်မတော်တဆမှုတွေထဲက တခုဖြစ်ကြောင်း ဒေသဆိုင်ရာ အရာရှိတွေက ဆိုပါတယ်။
ဒဏ်ရာရရှိသူတွေထဲမှာ ၈ လသား ကလေးငယ်တယောက်နဲ့ တခြားကလေးငယ် ၂ ယောက်တို့ ပါဝင်ပါတယ်။ လူ ၂၆ ယောက်က ဆေးကုသမှုခံယူနေပြီး သူတို့ထဲက ၃ ယောက်မှာ အခြေအနေ ဆိုးရွားပါတယ်။
အာဏာပိုင်တွေဟာ လျှိုချောက်ထဲမှ အလောင်း ၃၆ လောင်းကို ပြန်လည်ရရှိခဲ့ပြီး ဒေသကျန်းမာရေးစင်တာတခုမှာ နောက်ထပ်သေဆုံးမှုတခုကို အတည်ပြုခဲ့ကြောင်း အိုကိုးနား ခရိုင်မြို့တော်ဝန် ဝါလ်ဒိုး ယေရေးနား တောရ်စ်က ပြောကြားခဲ့ပါတယ်။
ဒီမတော်တဆမှုအတွက် ပီရူးသမ္မတရုံးခန်းက ဝမ်းနည်းကြောင်း ဖော်ပြခဲ့ပြီး ဒဏ်ရာရရှိသူတွေ အတွက် ဆေးဘက်ဆိုင်ရာ အကူအညီတွေကို စီစဉ်ပေးထားကြောင်း ပြောပါတယ်။
ယာမိုဆာစ် ဘတ်စ်ကားကုမ္ပဏီက မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။
ပီရူးနိုင်ငံမှာ မကြာသေးတဲ့နှစ်တွေအတွင်း အသက်ဆုံးရှုံးခဲ့ရတဲ့ ဘတ်စ်ကားမတော်တဆမှုတွေ အများအပြား ဖြစ်ပွားခဲ့ပြီး တောင်တန်းဒေသတွေရှိ လမ်းအခြေအနေနဲ့ ယာဉ်ပြုပြင်ထိန်းသိမ်းမှု ညံ့ဖျင်းမှုတို့ကြောင့် မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။
Source: Reuters


