
ထိုင်းနိုင်ငံထဲမှာ လာမဲ့ မတ် ၃၁ ရက်အထိ နေထိုင်လုပ်ကိုင်ခွင့် လက်မှတ်ရထားတဲ့ မြန်မာ၊ လာအိုနဲ့ ဗီယက်နမ် စတဲ့ ၃ နိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ အချိန်မီ သက်တမ်းတိုးဖို့ ထိုင်းအလုပ်သမားဦးစီးဌာနက ဖေဖော်ဝါရီ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
မနှစ် ဒီဇင်ဘာ ၂ ရက် ထိုင်းအစိုးရဝန်ကြီးများ အစည်းအဝေးမှာ အဆိုပါ ရွှေ့ပြောင်းလုပ်သားတွေကို နောက်ထပ်တနှစ် နေထိုင်လုပ်ကိုင်ခွင့်ပေးဖို့ သဘောတူခဲ့တယ်၊ ဒါကြောင့် ၂၀၂၆ မတ်လ ၃၁ ရက်ထိ နေထိုင်ခွင့်သက်တမ်းကုန်ဆုံးမဲ့ အလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံမှာ ဆက်လက် လုပ်ကိုင်နေထိုင်လိုပါက အချိန်မီ သက်တမ်းတိုးကြဖို့ ထိုင်းအလုပ်သမားဦးစီးဌာန ညွှန်ကြားရေးမှူး နိုင်းဆုမ်ချိုင်း မော်ရကွတ်ဆီဝမ်း က ပြောပါတယ်။
သက်တမ်းတိုးခြင်းမှာ အဆင့် ၃ ဆင့်ရှိပြီး ပထမဆုံးအဆင့်က အလုပ်သမားဝန်ကြီးဌာန ဝက်ဘ်ဆိုက် https://eworkpermit.doe.go.th/ ကနေ အလုပ်ရှင်ရဲ့ အထောက်အထား၊ အလုပ်သမားရဲ့ အထောက်အထား၊ ဆေးစစ်ချက်ထောက်ခံစာ၊ ကျန်းမာရေးအာမခံ (သို့မဟုတ်) ပကန်ဆန်ခုံး လို့ခေါ်တဲ့ လူမှုဖူလုံရေးကတ် စတာတွေနဲ့အတူ မှတ်ပုံတင်ကြေး ဘတ် ၁၀၀၊ အလုပ်လုပ်ခွင့် ဘတ် ၉၀၀ စုစုပေါင်း ဘတ် ၁,၀၀၀ တင်သွင်းရမှာဖြစ်တယ်။
ဒုတိယအဆင့်ကတော့ အဆိုပါလျှောက်လွှာတွေကို သက်ဆိုင်ရာက အတည်ပြုလက်ခံပါက လာမဲ့ ၂၀၂၇ ခုနှစ် မတ်လ ၃၁ ရက်ထိ နောက်ထပ်တနှစ် နေထိုင်လုပ်ကိုင်ခွင့်ရမှာ ဖြစ်တယ်၊ အလုပ်သမားကတ် မရသေးခင်မှာ ပြေစာဖြတ်ပိုင်းကို အစားထိုး အသုံးပြုနိုင်တယ်။
နောက်ဆုံးအဆင့်ကတော့ အဆိုပါအလုပ်သမားဟာ ဆက်လက်ပြီး အလုပ်သမားကတ်နဲ့ နေထိုင်ခွင့်ဗီဇာတွေကို ၂၀၂၆ စက်တင်ဘာ ၂၈ ရက်အထိ ကာလအတွင်း အပြီးဆောင်ရွက်ရမှာ ဖြစ်တယ်။
သက်ဆိုင်ရာ အလုပ်ရှင်၊ အလုပ်သမား၊ အလုပ်ရုံတွေအနေနဲ့ သတ်မှတ်ထားတဲ့အချိန်အတွင်း အချိန်မီဆောင်ရွက်ဖို့ တိုက်တွန်းလိုပြီး လိုက်နာဖို့ ပျက်ကွက်တာကို စစ်ဆေးတွေ့ရှိပါက တရားဥပဒေနဲ့အညီ အပြစ်ပေး အရေးယူခံရမယ်လို့ဆိုပါတယ်။
အသေးစိတ် အချက်အလက်တွေကို သိလိုက ဘန်ကောက်ခရိုင် အလုပ်သမားရုံး နယ်မြေ ၁ မှ ၁၀ ထိသို့လည်းကောင်း၊ တခြားခရိုင်အလုပ်သမားရုံး အသီးသီးကိုလည်းကောင်း၊ အလုပ်သမားရုံး အရေးပေါ်ဖုန်းလိုင်း ၁၅၀၆ လိုင်းခွဲ ၂ သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်တယ်လို့ ဆိုပါတယ်။
Source: ထိုင်းအလုပ်သမားညွှန်ကြားရေးဦးစီးဌာန


