
ထိုင်းတောင်ပိုင်း၊ ဖတ်ထလုန်းခရိုင်မှာ လမ်းမကျွမ်းကျင်လို့ GPS (အညွှန်းမြေပုံ) ကြည့်ပြီး ကားမောင်းစဉ် မတော်တဆ ယာဉ်တိုက်မှုဖြစ်ပွားပြီး မြန်မာရွှေ့ပြောင်းလုပ်သား ၅ ယောက် အပါအဝင် လူ ၉ ယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဖတ်ထလုန်းဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
ဖေဖော်ဝါရီ ၂၃ ရက် ဒီနေ့မနက် ၂ နာရီခန့်က ဖတ်ထလုန်းမြို့၊ ရာမေ့ခ်လမ်းချောင့်ကိုး မီးပွိုင့်မှာ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းပေးပို့ချက်ရတာကြောင့် အရေးပေါ်လူနာတင်ယာဉ်၊ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ သွားရောက်စစ်ဆေးကြည့်ရှုခဲ့တယ်လို့ ဖတ်ထလုန်းမြို့မ ရဲစခန်း တာဝန်ရှိသူမှ သတင်းထောက်ကို ပြောပါတယ်။
အဆိုပါနေရာမှာ မီးမှိတ်တုတ်မှိတ်တုတ်ပြထားတဲ့ လမ်းဆုံမီးပွိုင့်မှာ ဖြစ်တယ်၊ အနက်ရောင် ဖို့ဒ်ဟိုင်းလပ်စ်ကားမှာ ကားခေါင်းတခုလုံး ကြေမွပျက်စီးနေပြီး အီဇူးစူးအဖြူရောင် အိမ်စီးကားမှာ တစောင်းတိမ်းမှောက်နေတယ်၊ ကား ၂ စီး အရှိန်ပြင်းစွာတိုက်ထားတာဖြစ်တယ်၊ ထိခိုက်ဒဏ်ရသူ စုစုပေါင်း ၉ ယောက် ရှိပြီး ကယ်ဆယ်ရေးအဖွဲ့က ဖတ်ထလုန်းဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးမေးမြန်းချက်အရ အနက်ရောင်ဟိုင်းလပ်စ်ကားမှာ ယာဉ်မောင်း နိုင်းနိဖွန်းက မြန်မာရွှေ့ပြောင်း လုပ်သား ၅ ယောက်ကို အလုပ်သမားကတ် လုပ်ဖို့ ဘန်ကောက်မှာ ဆေးသွားစစ်ပေးပြီး ဟတ်ယိုင်ကို ပြန်လာဖို့ဖြစ်ပါတယ်။
ဒါပေမဲ့ လမ်းသိပ်မကျွမ်းတော့ GPS (အညွှန်းမြေပုံ)ကြည့်ပြီး မောင်းနှင်တာမှာ ကားက မြို့ထဲဘက်မှားဝင်လာတယ်၊ မီးမှိတ်တုတ်ပြထားတဲ့ လမ်းဆုံမီးပွိုင့်ရောက်တော့ အရှိန်လျှော့ဖို့ ပြင်ပေမဲ့ ဘရိတ်ပေါက်ပြီး ရှေ့ကကားကို ပြင်းစွာတိုက်မိတာလို့ ဆိုပါတယ်။
အီဇူးစူးကားဘက်ကလည်း ယာဉ်မောင်းသူ နိုင်းဗိစုနဲ့ သူ့ဇနီး၊ ၂ နှစ်ရွယ်သားလေးတို့ လိုက်ပါစီးနင်းပြီး ပါပွမ်မြို့ဘက်ကနေ ဖတ်တလုန်းမှာ ဆေးရုံတက်နေတဲ့ မိခင်ဖြစ်သူကို သွားကြည့်ဖို့ မောင်းလာတာမှာ မီးပွိုင့်မှာ မီးမှိတ်တုတ်မှိတ်တုတ်ပြနေလို့ အရှိန်ကို လျှော့လိုက်စဉ် အနောက်က လိုက်လာတဲ့ကားက အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်တာကြောင့် ကားမှောက်သွားတာလို့ ပြောပါတယ်။
အတိုက်ခံရတဲ့ကားဘက်က မိသားစု ၃ ယောက် ခန္ဓာကိုယ်ပေါ်မှာ ပွန်းပဲ့ရာတွေရခဲ့ပြီး ရွှေ့ပြောင်းလုပ်သား ၅ ယောက်ထဲမှာလည်း ဒဏ်ရာပြင်းထန်ရသူ ရှိပါတယ်။
ရဲစခန်းက ယာဉ်တိုက်မှုဖြစ်စဉ် အသေးစိတ်ကို ဆက်လက်စစ်ဆေးနေပြီး ဥပဒေအရ လိုအပ်သလို အရေးယူသွားမယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
Source : ဖတ်ထလုန်းဒေသတွင်းသတင်း / JoCho News


