
၂၀၂၆ ခုနှစ်အတွက် နေထိုင်ဖို့ အကောင်းဆုံး ကမ္ဘာ့နိုင်ငံ ၂၀ စာရင်းမှာ ထိုင်းနိုင်ငံ ပါဝင်လာတဲ့အကြောင်း Khaosod English သတင်းမှာ ဖေဖော်ဝါရီ ၂၂ ရက်က ဖော်ပြပါတယ်။
ဒီစာရင်းကိုတော့ အမေရိကန်လစဉ်ထုတ် သြဇာအရှိဆုံး ဗိသုကာနဲ့ အတွင်းပိုင်း အလှဆင်မှုဆိုင်ရာ မဂ္ဂဇင်းတစောင် ဖြစ်တဲ့ Architectural Digest မဂ္ဂဇင်းက ရွေးချယ် ဖော်ပြလိုက်တာ ဖြစ်ပြီး နေထိုင်ဖို့ အကောင်းဆုံးနိုင်ငံတွေဆိုတာ အံ့မခန်းဗိသုကာ လက်ရာတွေ၊ ဆန်းသစ်တဲ့ မြို့ပြစီမံကိန်းတွေနဲ့ အနုပညာဖန်တီးမှု ကြွယ်ဝတဲ့ ယဉ်ကျေးမှုတွေ ပေါင်းစပ်နေတဲ့ နိုင်ငံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
စာရင်းထဲမှာ ပါဝင်တဲ့ နိုင်ငံ ၂၀ ကတော့ ဆွစ်ဇာလန်၊ ဂျပန်၊ အမေရိကန်၊ သြစတြေးလျ၊ ဆွီဒင်၊ ဂျာမနီ၊ ဗြိတိန်၊ နယူးဇီလန်၊ ဒိန်းမတ်၊ ပြင်သစ်၊ နယ်သာလန်၊ စင်ကာပူ၊ အီတလီ၊ တောင်ကိုရီးယား၊ ဖင်လန်၊ အိုက်စလန်၊ လူဇင်ဘတ်၊ ထိုင်း၊ ဘရာဇီးနဲ့ မက္ကဆီကို နိုင်ငံတွေ ဖြစ်တယ်လို့ ဖော်ပြပါတယ်။
၂၀၂၆ ခုနှစ်အတွက် အဆိုပါ အဆင့်သတ်မှတ်ချက်ကိုတော့ U.S. News & World Report ရဲ့ နောက်ဆုံးထုတ် “ကမ္ဘာ့အကောင်းဆုံးနိုင်ငံများ” စာရင်းကို အခြေခံထားတာဖြစ်ပြီး Astons ရဲ့ ၂၀၂၆ ခုနှစ် လူနေမှုဘဝအရည်အသွေး အကောင်းဆုံးနိုင်ငံတွေ အဆင့်သတ်မှတ်ချက်၊ Global Citizen Solutions ရဲ့ နောက်ဆုံးထုတ် နေထိုင်ဖို့ အကောင်းဆုံးနိုင်ငံ ၁၀ နိုင်ငံစာရင်း၊ World Population Review ရဲ့ ၂၀၂၆ ခုနှစ် နေထိုင်ဖို့ အကောင်းဆုံးနိုင်ငံတွေ အစီရင်ခံစာ စတာတွေကို ထည့်သွင်းစဉ်းစားကာ ဒီဇိုင်းပိုင်းရှေ့တန်းရောက်တဲ့ ထိပ်တန်းနိုင်ငံ ၂၀ ကို ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။
ဒီဇိုင်းပိုင်း ထူးချွန်မှုဟာ စီးပွားရေးအင်အား၊ ဒါမှမဟုတ် စစ်ရေးအင်အားနဲ့ တိုက်ရိုက်ဆက်စပ်မှုမရှိပေမဲ့ ဒီဇိုင်းပိုင်းကို အထူးအလေးပေးခြင်းက လူနေမှုဘဝ အရည်အသွေးကို သိသိသာသာ မြှင့်တင်ပေးနိုင်ကြောင်းလည်း မဂ္ဂဇင်းက မှတ်ချက်ပြုထားပါတယ်။
ထိုင်းနိုင်ငံနဲ့ပတ်သက်လို့တော့ အနောက်ဥရောပနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပါက လူနေမှုစရိတ် သက်သာတာကို မဂ္ဂဇင်းက မီးမောင်းထိုးပြထားပြီး အခုအခါ ထိုင်းနိုင်ငံဟာ Digital Nomads တွေအတွက် ရေပန်းစားတဲ့ အချက်အချာနေရာတခု ဖြစ်လာနေကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် ဒီဇိုင်းဝါသနာအိုးတွေအနေနဲ့ အနုစိတ်လှပတဲ့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေနဲ့အတူ ဘန်ကောက်မြို့က Thailand Creative & Design Center (TCDC) လို ခေတ်ပြိုင်ဖန်တီးမှု နေရာတွေကိုလည်း လေ့လာနိုင်ကြောင်း မဂ္ဂဇင်းထဲမှာ ရေးသားဖော်ပြပါတယ်။
ယူနက်စကို (UNESCO) အဖွဲ့ရဲ့ City of Design အဖြစ် သတ်မှတ်ခံထားရတဲ့ ဘန်ကောက်မြို့တော်ဟာ ASA Architect Expo၊ STYLE Bangkok နဲ့ Bangkok Design Week စတဲ့ နိုင်ငံတကာအဆင့်မီ ပွဲတော်တွေကိုလည်း အိမ်ရှင်အဖြစ် လက်ခံကျင်းပနေကာ ပြပွဲတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေနဲ့ အချက်အပြုတ် ပြသမှုတွေနဲ့အတူ ကမ္ဘာတဝန်း ပရိသတ်တွေကို ဆွဲဆောင်နေတယ်လို့လည်း သတင်းမှာ ဖော််ပြပါတယ်။


