Home
မြန်မာသတင်း
လိင်အကြမ်းဖက်မှု ငရဲတွင်းက လွတ်မြောက်ခဲ့သူ မြန်မာရွှေ့ပြောင်းလုပ်သား အမျိုးသမီးငယ်
DVB
·
February 26, 2026

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ဖို့ ရောက်ရှိလာတဲ့ အမျိုးသမီးငယ်လေးတယောက်ကို ဆွေမျိုးရင်းချာ တယောက်က အဓမ္မပြုကျင့်ပြီး ဓာတ်ပုံတွေနဲ့ ခြိမ်းခြောက်ခဲ့တဲ့ ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ပါတယ်။

မသူဇာ(အမည်လွှဲ) က ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ဇာတိ ဖြစ်ပါတယ်။ သူဟာ အရင်က သူ့မိဘ၊ မောင်နှမတွေနဲ့အတူ အေးအေးချမ်းချမ်း နေခဲ့တာပါ။ ဒါပေမဲ့ ၂၀၂၄ ဒီဇင်ဘာလမှာတော့ သူ့မိသားစုနဲ့ သူ့ဘဝရဲ့ ကံဆိုးမှုက စတင်လာပါတော့တယ်။ 

စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲပြင်းထန်နေတဲ့ သူတို့မြို့နယ်ကို စစ်တပ်က မကြာခဏ ဗုံးကြဲလေ့ရှိပြီး အရပ်သားတွေ သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာတွေ ဖြစ်လေ့ရှိပါတယ်။ မသူဇာရဲ့အမေလည်း စစ်တပ် ဗုံးဒဏ်ကြောင့် ခြေထောက်မှာ ဒဏ်ရာရပြီး မိသားစုဘဝ ယိုင်နဲ့လာခဲ့ရပါတယ်။

မိခင် ဒဏ်ရာရပြီးနောက်မှာ မိသားစုကို ကူညီဖို့အတွက် သမီးအကြီးဆုံးဖြစ်တဲ့ အသက် ၁၇ နှစ်‌‌သာ ရှိသေးပြီး အသက် ၁၈ နှစ်တောင် မပြည့်သေးတဲ့ မသူဇာ (အမည်လွှဲ) ဟာလည်း နိုင်ငံရပ်ခြားကို ထွက်ပြီး အလုပ်လုပ်ဖို့ ဖြစ်လာခဲ့ပါတယ်။

မသူဇာက “ညီမက သမီးအကြီးဆုံးဖြစ်တော့ ထိုင်းနိုင်ငံကို တက်လာခဲ့တာ။ အဖေ အမေက သူတို့ဆီမှာရှိတဲ့ ဆိတ်တွေ ဘာတွေ ရောင်းပြီး ညီမကို ထိုင်းကိုပို့ဖို့ အစီအစဉ်ရှိတာပေါ့” လို့ ပြောပါတယ်။

အလုပ်အကိုင် ရှာပေးမယ်ဆိုပြီး ထိုင်းမှာရှိတဲ့ သူ့ရဲ့အဒေါ်နဲ့ အဒေါ်ဖြစ်သူရဲ့ ယောက်ျားတို့ဟာ သူ့ကို ခေါ်ခဲ့တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ရောက်ရှိခဲ့ပြီး ထိုင်းကိုလာဖို့ ကုန်ကျစရိတ်အားလုံးကို သူကိုယ်တိုင်ပဲ ကုန်ကျခံခဲ့ရတာ ဖြစ်ပါတယ်။ မိသားစုကို ကူညီဖို့ ထိုင်းကိုထွက်လာတဲ့ မသူဇာဟာ သူမျှော်လင့်သလို မဖြစ်လာဘဲ ကံဆိုးမိုးမှောင်ကျခဲ့ရပါတယ်။ သူ့မှာပါတဲ့ ငွေကြေးအားလုံးကို အဒေါ်ရဲ့ ခင်ပွန်းက သိမ်းယူခဲ့သလို အဓမ္မပြုကျင့်မှုကိုလည်း ခံခဲ့ရပါတယ်။

မသူဇာက “ညီမကို လာကြိုပြီးနောက်ပိုင်း ညီမကို လိင်ပိုင်းဆိုင်ရာ ဆက်ဆံတယ်၊ ညီမရဲ့ ဓာတ်ပုံတွေ ရိုက်ပြီး ခြိမ်းခြောက်တယ်၊ အွန်လိုင်းပေါ် တင်ပေးမယ်၊ တယောက်ယောက်ကို ပြောရင် အဲဒီလိုမျိုး ခြိမ်းခြောက်တယ်၊ ပြီးရင် ညီမမှာပါတဲ့ ပိုက်ဆံတွေရော၊ ထိုင်းဘတ်ငွေ လဲပေးမယ်ဆိုပြီး ယူသွားတာတွေရော အခုချိန်ထိ တပြားတချပ်မှ မပေးဘူး” လို့ ပြောပါတယ်။

အဒေါ်လင်မယားဟာ ထိုင်းနိုင်ငံ၊ မယ်ဆိုင်ကတဆင့် ချင်းမိုင်၊ ချင်းမိုင်ကတဆင့် ပတ္တရားကို ခေါ်ဆောင်သွားပြီးနောက် ၂၀၂၅ ခုနှစ် မတ်လမှာ မသူဇာတယောက် အလုပ်ရရှိခဲ့ပါတယ်။ အလုပ်ရပြီးနောက်မှာလည်း သူ့ရဲ့လစာတွေကိုပါ သိမ်းယူခံခဲ့ရပါတယ်။

အကြိမ်ကြိမ် အဓမ္မပြုကျင့်မှုကို ခံရသလို တယောက်ယောက်ကို တိုင်မယ်ဆိုရင် ဓာတ်ပုံတွေ ဖြန့်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တာကြောင့် သူဟာ မိမိကိုယ်ကိုယ် အဆုံးစီရင်ဖို့ကိုပါ တွေးခဲ့တယ်လို့ ဆိုပါတယ်။

“ညီမ အလုပ်သွားတယ်ဆိုတော့ ဖုန်းတော့ ကိုင်လို့ရတယ်။ သူတို့ရှေ့မှာတော့ မကိုင်ခိုင်းဘူး။ နောက်ပိုင်း ညီမ ဒီလိုမျိုး အဖြစ်ဆိုးတွေကို မခံစားနိုင်တော့ဘူး။ ညီမ တဝမ်းကွဲဆီမှာ အကူအညီတောင်းခဲ့တယ်။ ညီမရဲ့ အစ်မကနေမှ ညီမကို ကူညီပေးခဲ့တယ်။ ညီမကို အားပေးခဲ့တယ်ပေါ့နော်။ ညီမက သတ်သေဖို့အထိ...၊ နောက်ဆုံး အစ်မဝမ်းကွဲက ညီမကို ကူညီခဲ့တယ်။ အဲဒီ ငရဲပြည်ကနေ လွတ်မြောက်စေခဲ့တယ်။”

မသူဇာရဲ့ အစ်မတဝမ်းကွဲက မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေကို အကူအညီတောင်းခံခဲ့ပြီးနောက် မသူဇာတယောက် ငရဲတွင်းက လွတ်မြောက်လာခဲ့ပါတယ်။

သူ့ကို အဓမ္မပြုကျင့်ပြီး လုပ်အားခပါ ခေါင်းပုံဖြတ်ခဲ့တဲ့ ဦးလေးမိသားစုဟာ ပတ္တရားမှာ နာရေးကူညီမှုအသင်းဖွဲ့စည်း လုပ်ကိုင်နေသူတွေ ဖြစ်ပြီး သူတို့ အင်တာနက် လူမှုကွန်ရက် စာမျက်နှာကနေတဆင့် မသူဇာကို ကူညီပေးသူ‌တွေဟာ မသူဇာကို ပြန်ပေးဆွဲသွားသလိုမျိုး၊ မသူဇာဟာ သူတို့ဆီကနေ ပျောက်ဆုံးသွားသလိုမျိုး ဓာတ်ပုံတွေတင်၊ စာတွေရေးသားပြီး ဖြန့်ဝေခဲ့ကြပါတယ်။

မြန်မာရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက်ပေးသူ တယောက်ကတော့ မသူဇာဟာ အစပိုင်းမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ များစွာ ခံစားခဲ့ရပြီး အခုတော့ အနည်းငယ် သက်သာလာပါတယ်လို့ ဆိုပါတယ်။

“အခုဆိုရင်တော့ သူ စိတ်ပိုင်းဆိုင်ရာက နည်းနည်းလေးတော့ ခံသာလာပေမဲ့လည်း တချိန်တုန်းကတော့ ကိုယ့်ကိုယ်ကိုယ် အဆုံးသတ်ဖို့ အကြိမ်ကြိမ်အခါခါ ကြိုးစားခဲ့တာပေါ့နော်။ ဒါကို သက်ဆိုင်ရာ ဌာနဆိုင်ရာ NGO အဖွဲ့အစည်းကနေ ချော့ပြီးတော့မှ အဲဒီလို အရှုံးပေးလို့မရဘူး၊ ဒါကို တိုက်ရမယ်ပေါ့နော်၊ မားမားမတ်မတ် ရပ်တည်ပြီးတော့မှ နောက်ဆက်တွဲ မဖြစ်အောင်၊ ဒီလိုမျိုး နောက်လူမကြုံရအောင် အားပေးစကား ပြောပြီးတော့မှ၊ အခုကတော့ သူက ဝမ်းသာသွားတာပေါ့နော်။ ထောင်ထဲ ရောက်သွားပြီ၊ ဖမ်းလိုက်ပြီ ဆိုတာ သူ ကြားလိုက်တဲ့အခါ သူ အရမ်းပျော်သွားတာပေါ့။”

မြန်မာရွှေ့ပြောင်းလုပ်သားတွေကြား ဒီလိုအမှုကိစ္စရပ်တွေ အများအပြား ဖြစ်နေတာကြောင့် လူတိုင်းကို မယုံကြည်ဖို့၊ အမျိုးသမီးတွေအနေနဲ့ မိမိခန္ဓာကိုယ်ကို မိမိကာကွယ်ဖို့ အခွင့်အ‌ရေးရှိပြီး ထိုင်းနိုင်ငံ ရဲစခန်းနံပါတ်ဖြစ်တဲ့ ၁၉၁ ကို ချက်ချင်းဆက်သွယ်လို့ ရတယ်လို့လည်း သူက ဆိုပါတယ်။

နောက်ပြီး ဒီလိုအဓမ္မမှုတွေဟာ တိုင်ကြားမှု ‌နှောင့်နှေးတဲ့အခါ ဆေးစစ်ချက်တွေမှာ နှောင့်နှေးကြန့်ကြာတတ်တာကြောင့် ဥပဒေအရ ဆောင်ရွက်တဲ့အခါ အချိန်ကြန့်ကြာမှုတွေရှိပြီး ဒါကို ကျူးလွန်သူတွေက အကာအကွယ်ယူတတ်ကြတာကြောင့် အဓမ္မမှု ကျူးလွန်ခံရရင် ချက်ချင်းတိုင်ကြားကြဖို့ လိုတယ်လို့ ဆိုပါတယ်။

အဓမ္မပြုကျင့်သူဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။  လက်ရှိအမှုဖြစ်စဉ်မှာတော့ ဦးလေးဖြစ်သူဟာ ဖမ်းဆီးခံခဲ့ရပေမဲ့ အဲဒီဦးလေးရဲ့ အစ်မဖြစ်သူ၊ ပတ္တရားက နာရေးကူညီမှုအသင်းအဖွဲ့တခုရဲ့ ဥက္ကဋ္ဌဟာ အဓမ္မကျူးလွန်သူကို အာမခံပေးခဲ့တယ်လို့လည်း သိရပါတယ်။

မသူဇာက “ညီမကို စော်ကားခဲ့သလို နောက်နောင်လည်း တခြားကလေးတွေ၊ တခြားညီမတွေ အဲဒီလိုမျိုး မဖြစ်စေချင်ဘူးပေါ့နော်။ ဒီလူက အဲဒီလိုမျိုး ဒီအတိုင်း ချန်ထားရင် တခြား ညီအစ်မတွေပါ အဲဒီလိုမျိုး ခံစားရမယ်ပေါ့နော်။ ညီမလိုမျိုး ကြောက်လန့်ပြီး ဘာမှ မပြောနိုင်ဘူးပေါ့နော်။ အဲဒါကြောင့်မို့ ဘယ်ညီအစ်မမှ ဒီလိုမျိုး မခံစားရအောင် သူ့ကို ပြစ်မှုဒဏ် များများပေးချင်တယ်” လို့ ပြောပါတယ်။

မသူဇာရဲ့ အမှုကိစ္စအတွက် MBG အမျိုးသမီးနှင့်ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ကွန်ရက်က ကူညီဆောင်ရွက်ပေးနေတာဖြစ်ပြီး အကူအညီလိုအပ်သူတွေအနေနဲ့ +66 89-664-2154 ကို ဆက်သွယ်ပြီး အကူအညီတောင်းခံနိုင်တယ်လို့လည်း ဆိုပါတယ်။

မြတ်သဇင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013